ဥရောပ အင်အားကြီးအသင်းတွေ ဖြစ်တဲ့ အက်သလက်တီကို မက်ဒရစ် ၊ မန်ချက်စတာ စီးတီးနဲ့ ဘာစီလိုနာတို့ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို နှလုံးရောဂါကြောင့် ကစားသမားဘဝ ကနေ အနားယူခဲ့ရတဲ့ ဆာဂျီယို အဂူရိုက ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညမှာ Streaming လုပ်ကာ ပရိသတ်တွေကို ဖျော်ဖြေနေရင်း နှလုံးအောင့်လာလို့ အနားယူခဲ့ရကြောင်း သိရပါတယ်။

အသက် ၃၄နှစ် အရွယ်သာ ရှိသေးတဲ့ အာဂျင်တီးနား တိုက်စစ်မှူးဟောင်း ဆာဂျီယို အဂူရိုက ကမ္ဘာ့အဆင့် တိုက်စစ်မှူး တဦး ဖြစ်ပေမယ့် မန်ချက်စတာ စီးတီး ကနေ ဘာစီလိုနာထံ ပြောင်းရွှေ့ ကစားခဲ့ပြီးနောက် နှလုံးခုန်နှုန်း မူမမှန်တဲ့ ရောဂါကို ရခဲ့တာကြောင့် ကစားသမားဘဝ ကနေ အစောကြီး နားခဲ့ရသူပါ။

Photo Credit: Punch Newspaper

ဆာဂျီယို အဂူရိုက သူ့ရဲ့ နှလုံးခုန်နှုန်း မူမမှန်တဲ့ ရောဂါကို ကုသနိုင်ဖို့ အတွက် နှလုံးထဲကို နှလုံးခုန်နှုန်း ထိန်းညှိပေးမယ့် စက်တခု တပ်ဆင်ခဲ့ရပြီး အဆိုပါစက်ကြောင့်ပဲ အဂူရိုဟာ နှလုံးအောင့်တာနဲ့ နှလုံးခုန်နှုန်း မူမမှန် ဖြစ်တာတွေကို တားဆီးနိုင်ခဲ့ပါတယ်။

ဒါပေမယ့် ပြီးခဲ့တဲ့ ဗုဒ္ဓဟူးနေ့ညမှာတော့ အဂူရိုဟာ Streaming လုပ်ကာ ပရိသတ်တွေနဲ့ စကားပြောနေရင်း ရုတ်တရတ် နှလုံးခုန်နှုန်း မူမမှန် ဖြစ်ကာ နှလုံးအောင့်လာတာကြောင့် Streaming လုပ်တာကို ခေတ္တ ရပ်တန့်ခဲ့ရပြီး ပရိသတ်တွေက ဆာဂျီယို အဂူရို အတွက် အတော်လေး စိုးရိမ်ပူပန်ခဲ့ရပါတယ်။

Photo Credit: Punch Newspaper

အဂူရိုနဲ့အတူ Streamingကို တွဲဖက် လုပ်ကိုင်နေတဲ့ အယ်လ်နော့ကလည်း အဂူရိုကို သက်သာရဲ့လားလို့ မေးမြန်းခဲ့ရာမှာ အဂူရိုက သူဟာ အချိန်အနည်းငယ် နှလုံးခုန်နှုန်း မူမမှန် ဖြစ်ခဲ့တာ ဖြစ်ကြောင်းနဲ့ သူ့ရဲ့ အခြေအနေကို ကောင်းကောင်း နားလည်တာကြောင့် ဆရာဝန် ပြဖို့ အထိ မလိုအပ်သေးကြောင်း ပြန်ဖြေခဲ့ပါတယ်။

ဒါပေမယ့် ပရိသတ်တွေက သူ့အတွက် စိုးရိမ်နေမှုကြောင့် အဂူရိုဟာ သူ့ရဲ့ Live Streamကို ရပ်တန့်ကာ အနားယူခဲ့ပြီး Live Streamကို မရပ်ခင်မှာလည်း အဂူရိုက ပရိသတ်တွေကို ချစ်ကြောင်း ပြောကြားသွားခဲ့ပါသေးတယ်။