ပရီးမီးယားလိဂ် အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ မန်ချက်စတာ စီးတီးရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ဆာဂျီယို အဂူရိုကတော့ သူ့ရဲ့ အသင်းဟောင်း မန်ချက်စတာ စီးတီးရဲ့ အဓိက တောင်ပံတိုက်စစ် ကစားသမား တဦး ဖြစ်သူ စတာလင်းအား အဓိကပြိုင်ဘက် ချယ်လ်ဆီးဆီ ရောင်းထုတ်ခဲ့တဲ့ ဆုံးဖြတ်ချက် အပေါ် လုံးဝ နားမလည်ကြောင်း ဝေဖန်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ရဲ့ လက်ရှိချန်ပီယံ မန်ချက်စတာ စီးတီးက ယခု နွေဈေးကွက် အတွင်းမှာ နော်ဝေကြယ်ပွင့် တိုက်စစ်မှူး အာလင်း ဟာလန်းနဲ့ အာဂျင်တီးနား တိုက်စစ်မှူး အယ်ဗာရက်တို့ကို ခေါ်ယူနိုင်ခဲ့ပြီးနောက် အသင်းရဲ့ ရှိရင်းစွဲ တိုက်စစ် ကစားသမားတွေထဲက စတာလင်းနဲ့ ဂျေဇူးတို့ကို ချယ်လ်ဆီးနဲ့ အာဆင်နယ်တို့ဆီ မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ပြန်လည် ရောင်းထုတ်ခဲ့ပါတယ်။

Photo Credit: Mirror

ဟာလန်းနဲ့ အယ်ဗာရက်တို့ကို ဝယ်ယူပြီး စတာလင်းနဲ့ ဂျေဇူးတို့ကို ပြန်လည် ရောင်းထုတ်ခဲ့တာကြောင့် ငွေကြေးပိုင်းအရ မန်ချက်စတာ စီးတီးက ပြောင်းရွှေ့ကြေး ပေါင် ၂၀သန်းကျော် အမြတ်အစွန်း ရခဲ့ပေမယ့် အသင်းရဲ့ လူစာရင်းဟာ အထိုက်အလျောက် အားနည်းသွားခဲ့ရပါတယ်။

ဒါကြောင့်ပဲ မန်ချက်စတာ စီးတီးရဲ့ စတာလင်းနဲ့ ဂျေဇူးတို့ နှစ်ဦးစလုံးကို ရောင်းထုတ်ခဲ့တဲ့ ဆုံးဖြတ်ချက်အား ဝေဖန်သူတွေ ရှိနေပြီး မန်ချက်စတာ စီးတီးရဲ့ ဂန္တဝင် တိုက်စစ်မှူး အဂူရိုကလည်း သူ့အနေနဲ့ စတာလင်းလို ခြေစွမ်းကောင်းတဲ့ ကစားသမားမျိုးအား အဓိကပြိုင်ဘက် ချယ်လ်ဆီးဆီ ပြောင်းရွှေ့ခွင့် ပေးခဲ့တဲ့ မန်ချက်စတာ စီးတီး ဘုတ်အဖွဲ့ရဲ့ ဆုံးဖြတ်ချက်ကို နားမလည်နိုင်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Mirror

အဂူရိုက – “ကျွန်တော်ကတော့ စတာလင်းကို ချယ်လ်ဆီးဆီ ရောင်းလိုက်ဖို့ ဆုံးဖြတ်ခဲ့တဲ့ အပေါ် ဘယ်လိုမှ နားမလည်နိုင်ပါဘူး။ တခါတလေ မန်ချက်စတာ စီးတီးက ထူးဆန်းတဲ့ ဆုံးဖြတ်ချက်တွေ ချတတ်လွန်းပါတယ်” ဆိုပြီး ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။