ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့ကြတဲ့ စီးရီးအေ ချန်ပီယံ ဂျူဗင်တပ်အသင်းနဲ့ ပြင်သစ် ကလပ် လိုင်ယွန်အသင်းတို့ရဲ့ ချန်ပီယံလိဂ် ၁၆သင်းအဆင့် ဒုတိယ အကျော့ ပွဲစဉ်မှာတော့ အိမ်ရှင် ဂျူဗင်တပ်အသင်းဟာ ၂-၁ ဆိုတဲ့ ရလဒ်နဲ့ အနိုင်ရရှိခဲ့ပေမယ့် အဝေးဂိုးစည်းမျဉ်းအရ ချန်ပီယံလိဂ်ပြိုင်ပွဲ ကနေ ထွက်ခွာခဲ့ ရပါတယ်။ အဆိုပါပွဲစဉ် ပြီးဆုံးသွားချိန်မှာတော့ စိတ်ဝင်စားစရာ အကောင်းဆုံး အကြောင်းအရာ တစ်ခုအဖြစ် ကျန်ရှိခဲ့တာ ကတော့ ဂျူဗင်တပ် အသင်းရဲ့ အဓိက တိုက်စစ်မှူး စီရိုနယ်ဒိုရဲ့ အနာဂတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Fot Mob

 

အသက်၃၅နှစ်အရွယ် ရှိနေပြီ ဖြစ်တဲ့ စီရိုနယ်ဒိုဟာ ဂျူဗင်တပ်အသင်းနဲ့ လိုင်ယွန်အသင်းတို့ရဲ့ ပွဲစဉ်မှာ အသင်းအတွက် သွင်းဂိုး နှစ်ဂိုးစလုံးကို သွင်းယူပေးခဲ့သလို လက်ရှိ ဘောလုံးရာသီမှာ ဂျူဗင်တပ်အသင်း အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၃၇ဂိုးအထိ သွင်းယူနိုင်ခဲ့ပြီး ဂျူဗင်တပ်အသင်းရဲ့ သမိုင်းတစ်လျှောက် တစ်ရာသီအတွင်း သွင်းဂိုး အများဆုံး သွင်းယူနိုင်ခဲ့တဲ့ ကစားသမား အဖြစ် မှတ်တမ်းဝင်ခဲ့ပါတယ်။ ဒါပေမယ့် ရိုနယ်ဒိုဟာ ချန်ပီယံလိဂ် ပြိုင်ပွဲကနေ အစောကြီး လှည့်ပြန်ခဲ့ရတာကို အတော်လေး မကျေမချမ်း ဖြစ်နေပြီး လိုင်ယွန်အသင်းနဲ့ ပွဲစဉ်မှာ အသင်းဖော်တွေကို နှုတ်ဆက်ခြင်း မရှိတော့ပဲ အဝတ်လဲခန်းထဲကို တိုက်ရိုက် ဝင်သွားဖို့ လုပ်ခဲ့တာကိုလည်း မြင်တွေ့ခဲ့ရပါတယ်။

Photo Credit: Fot Mob

ရိုနယ်ဒိုရဲ့ အဆိုပါ အပြုအမူကြောင့် ရိုနယ်ဒို တစ်ယောက် ဂျူဗင်တပ်အသင်းမှာ ဆက်ရှိနေပါ့မလား ဆိုပြီး ဂျူဗင်တပ်အသင်းရဲ့ ပရိသတ်တွေဟာ စိုးရိမ်ပူပန်မှုတွေ ရှိနေပါတယ်။ ပြီးခဲ့တဲ့ ရက်ပိုင်းမှာလည်း ရိုနယ်ဒိုဟာ ပီအက်စ်ဂျီအသင်းထံကို ပြောင်းရွှေ့ကာ အမ်ဘာပေ ၊ နေမာတို့နဲ့ တွဲဖက် ကစားဖို့ ဆန္ဒ ရှိနေတယ်လို့ သတင်းတွေ ထွက်ပေါ်ခဲ့ပါသေးတယ်။

Photo Credit: Fot Mob

ဒါပေမယ့် လိုင်ယွန်အသင်းနဲ့ ပွဲစဉ်ပြီးဆုံးချိန်မှာတော့ ဂျူဗင်တပ်အသင်းရဲ့ ဥက္ကဌ ဖြစ်သူ အက်နယ်လီက ရိုနယ်ဒိုဟာ လာမယ့်ရာသီမှာလည်း အသင်းမှာ ဆက်ရှိသွားမယ်လို့ အတည်ပြု ပြောကြားသွားခဲ့ပါတယ်။ ရိုနယ်ဒိုရဲ့ အနာဂတ်နဲ့ ပတ်သတ်ပြီး အက်နယ်လီက ” သူဟာ ကျွန်တော်တို့နဲ့ ဆက်ရှိသွားမှာပါ။ ခရစ္စတီယာနိုဟာ လာမယ့် ဘောလုံးရာသီမှာလည်း ဂျူဗင်တပ်အသင်းမှာ ဆက်ရှိသွားမယ်လို့ ကျွန်တော် သေချာပေါက် ပြောရဲပါတယ်။ သူဟာ အသင်းရဲ့ ထောက်တိုင် ကစားသမားပါ ” လို့ ပြောကြားသွားခဲ့တာပါ။