ဂျာမန် ဘွန်ဒက်လီဂါ ထိပ်သီးကလပ် ဘိုင်ယန်မြူးနစ်ရဲ့ လူငယ်ကြယ်ပွင့် မာသီတဲလ်ရဲ့ အေဂျင့်ဖြစ်သူ ကာမာရာကတော့ ဘိုင်ယန်မြူးနစ်ကသာ သူ့ရဲ့ ကစားသမားကို တန်ဖိုးမထားရင် မာသီတဲလ်ဟာ လာမယ့်နွေမှာ အသင်းပြောင်းနိုင်ကြောင်း နောက်ဆုံး ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

အသက် ၁၈နှစ် အရွယ် ပြင်သစ် လူငယ်ကြယ်ပွင့် တိုက်စစ်မှူး မာသီတဲလ်က အထောင်တိုက်စစ်နဲ့ တောင်ပံတိုက်စစ် နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိသူ ဖြစ်ပြီး ဘိုင်ယန်မြူးနစ်က သူ့ကို ပြီးခဲ့တဲ့ရာသီမှာ ပြင်သစ်ကလပ် ရန်းနက်စ် ကနေ ပြောင်းရွှေ့ကြေး ယူရို ၂၀သန်းနဲ့ ခေါ်ယူခဲ့တာပဲ ဖြစ်ပါတယ်။

Photo Credit: Sky Sports

မာသီတဲလ်က ရန်းနက်စ် ကနေ ဘိုင်ယန်မြူးနစ်ထံ ပြောင်းရွှေ့လာပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၅၅ပွဲ အထိ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၂ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၃ကြိမ် ရရှိထားပေမယ့် ဟယ်ရီကိန်း ၊ ချူပိုမိုတင် ၊ မူလာ ၊ ဂနာဘရီ ၊ ကိုးမန်း ၊ ဆာနေးနဲ့ မူစီအာလာတို့ ရှိနေတာကြောင့် အရန်ကစားသမား အဖြစ်သာ ကစားခွင့် ရနေပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာ ပရီးမီးယားလိဂ် ထိပ်သီးကလပ် မန်ချက်စတာ ယူနိုက်တက်က မာသီတဲလ်ကို ခေါ်ယူဖို့ အတွက် ဆက်သွယ်မှု တချို့ လုပ်လာပြီး မန်ချက်စတာ ယူနိုက်တက် အပြင် အခြားသော ပရီးမီးယားလိဂ်ကလပ် ၂သင်းကပါ မာသီတဲလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ပေါ်လာပါတယ်။

Photo Credit: Team Talk

ယမန်နေ့ညပိုင်းမှာတော့ မာသီတဲလ်ရဲ့ အေးဂျင့်ဖြစ်သူ ကာမာရာက သူ့ရဲ့ ကစားသမားဟာ အဖိုးတန် ကစားသမား တဦး ဖြစ်တာကြောင့် ဘိုင်ယန်မြူးနစ်ကသာ သူ့ရဲ့ ကစားသမားကို တန်ဖိုးမထားရင် အသင်းပြောင်းဖို့ စဉ်းစားတော့မယ်လို့ ပြောကာ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့နိုင်ကြောင်းအား ဖွင့်ဟ ပြောဆိုသွားခဲ့ပါတယ်။

ကာမာရာက – “မာသီက ဘိုင်ယန်မြူးနစ်ကို ချစ်သလို အသင်းရဲ့ ပရိသတ်တွေကိုလည်း ချစ်ပါတယ်။ ပြီးတော့ သူက ဘိုင်ယန်မြူးနစ်နဲ့ ရနိုင်သမျှ ဆုဖလားတွေ အားလုံးကို သိမ်းပိုက်ချင်သလို အသင်းရဲ့ အရေးပါတဲ့ ကစားသမားလည်း ဖြစ်ချင်နေပါတယ်။ တခါတလေမှာ ကျွန်တော်တို့နဲ့ရော ၊ အသင်းကပါ ထပ်တူကျတဲ့ အမြင်မျိုး ရှိဖို့ လိုအပ်ပါတယ်။ တကယ်လို့သာ ကျွန်တော်တို့မှာ အမြင်တွေ ကွဲနေခဲ့ရင်တော့ တခြား ရွေးချယ်စရာတွေကို (အသင်းပြောင်းမယ့်ကိစ္စအား ရည်ရွယ်လျက်) ထည့်သွင်း စဉ်းစားရပါတော့မယ်” လို့ ပြောကြားသွားခဲ့တာပါ။