MySport Myanmar

အန်ကွန်ကူကို ဘာစီလိုနာဆီ ရောက်ရှိအောင် အေးဂျင့်ဖြစ်သူ ကြိုးပမ်းနေ

ချယ်လ်ဆီးအသင်းမှာ ပုံမှန် ပွဲကစားခွင့်တွေ ရရှိဖို့ ခက်ခဲနေတဲ့ တိုက်စစ်ကစားသမား ခရစ္စတိုဖာ အန်ကွန်ကူရဲ့ အေးဂျင့်ဖြစ်သူ ဇဟာဗီက သူ့ကစားသမားကို ချယ်လ်ဆီးကနေ ထွက်ခွာပြီး ဘာစီလိုနာအသင်းဆီ ပြောင်းရွှေ့ရောက်ရှိနိုင်အောင် ကြိုးပမ်းလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

အသက်(၂၇)နှစ်အရွယ် ပြင်သစ်တိုက်စစ်ကစားသမား အန်ကွန်ကူဟာ လိုက်ပ်ဇစ်ကနေ ချယ်လ်ဆီးအသင်းဆီ ပြောင်းရွှေ့လာပြီးနောက်ပိုင်းကတည်းက ဒဏ်ရာပြဿနာတွေနဲ့ ရုန်းကန်နေခဲ့ရသလို ဒီရာသီ နည်းပြ မာရက်စကာလက်ထက်မှာလည်း ပုံမှန် ပွဲကစားခွင့်တွေပါ နည်းပါးနေခဲ့ရပါတယ်။

Photo Credit : Transfermarket

တကယ်တော့ အန်ကွန်ကူက ဒီရာသီမှာ ချယ်လ်ဆီးအတွက် ပြိုင်ပွဲစုံ (၁၂)ဂိုးအထိ သွင်းယူပေးထားနိုင်သူ ဖြစ်ပေမယ့်လည်း အသင်းအတွက် ပရီးမီးယားလိဂ်ပွဲတွေကို လူစားဝင် ကစားသမားအဖြစ်နဲ့ မိနစ်အနည်းငယ်သာ ပါဝင်ထားခဲ့ရပြီး ကွန်းဖရန့်စ်လိဂ်နဲ့ ခါရာဘောင်ဖလားပွဲတွေလောက်သာ ပွဲထွက်ကစားထားခဲ့ရပါတယ်။

ဒီလို အခြေအနေတွေကြောင့် အန်ကွန်ကူရဲ့ အနာဂတ် အခြေအနေတွေက လှုပ်ခတ်လျက် ရှိနေပြီး ချယ်လ်ဆီးအသင်းကလည်း လာမယ့်နွေမှာ တိုက်စစ်အင်အားကို ထပ်မံ ဖြည့်တင်းသွားဖို့ပါ ရှိနေတဲ့အတွက် အန်ကွန်ကူအနေနဲ့ အသင်းအပြောင်းအလဲ လုပ်ဆောင်ဖို့ပါ စဉ်းစားလာခဲ့ပါတယ်။

Photo Credit : Sky Sports

ဒီအချိန်မှာ ဘာစီလိုနာအသင်းဥက္ကဌ ဟိုဟန် လာပေါ်တာနဲ့ ရင်းနှီးတဲ့ ဆက်ဆံရေးကောင်းတွေ ရှိနေတဲ့ အန်ကွန်ကူရဲ့ အေးဂျင့်ဖြစ်သူ ဇဟာဗီက သူ့ကစားသမားကို ချယ်လ်ဆီးကနေ ဘာစီလိုနာအသင်းဆီ ရောက်ရှိအောင် ကြိုးပမ်းဆောင်ရွှက်လျက် ရှိနေပါတယ်။ ဇဟာဗီဟာ ဘာစီလိုနာ တိုက်စစ်မှူး လီဝန်ဒေါစကီးနဲ့ နည်းပြ ဟန်ဆီ ဖလစ်ခ်တို့ရဲ့ အေးဂျင့်လည်း ဖြစ်ပါတယ်။

အန်ကွန်ကူဟာ ချယ်လ်ဆီးနဲ့ ၂၀၂၉ခုနှစ်အထိ စာချုပ်သက်တမ်း ကျန်ရှိနေသူ ဖြစ်ပေမယ့်လည်း နီကိုလပ်စ် ဂျက်ဆင် ၊ မာဒူအက်ကေးတို့လောက် အသင်းမှာ နေရာမရသူဖြစ်လို့ ပွဲကစားတွေ ပုံမှန်ရရှိဖို့အတွက် ချယ်လ်ဆီးကနေ ထွက်ခွာသွားနိုင်ပြီး ဒီကစားသမားကို မန်ယူနိုက်တက်အသင်းကလည်း ခေါ်ယူသွားဖို့ စိတ်ဝင်စားနေပါတယ်။

Exit mobile version