ပရီးမီးယားလိဂ်မှာ လူသိများတဲ့ အသင်းတသင်း ဖြစ်တဲ့ အက်စ်တွန်ဗီလာအသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး အဘွန်လဟော ကတော့ မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြဖြစ်သူ ဆိုးလ်ရှားအနေနဲ့ နည်းပြထိုင်ခုံ မြဲချင်သေးရင် စပါးအသင်းနဲ့ ပွဲစဉ်မှာ အလုပ်ဖြစ်ခဲ့တဲ့ ၃-၅-၂ ကစားကွက်ကို ဆက်လက် သုံးစွဲဖို့ အကြံပေးသွားခဲ့ပါတယ်။

ယခုနှစ် ဘောလုံးရာသီမှာ ရလဒ်ပိုင်း တည်ငြိမ်မှု အားနည်းနေသလို ခံစစ်ကြောင်းကလည်း ပေးဂိုးတွေ အများအပြား ခွင့်ပြုထားရတဲ့ မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပြီးခဲ့တဲ့ သီတင်းပတ် အကုန်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စပါးအသင်းနဲ့ ပွဲစဉ်မှာ ၃-၅-၂ ကစားကွက်ကို ပြောင်းလဲ ကစားခဲ့ရာ အသင်းရဲ့ ကစားပုံဟာ ပိုမို ကျစ်လျစ်လာသလို ၀-၃ ဆိုတဲ့ ရလဒ်နဲ့ အဝေးကွင်းမှာ ဂိုးပြတ်နိုင်ပွဲ တပွဲ ရရှိခဲ့ပါတယ်။

Photo Credit: Express

အဆိုပါနိုင်ပွဲကြောင့် မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ နည်းပြ ဆိုးလ်ရှားဟာ အနည်းငယ် အသက်ရှူချောင်ခဲ့ပြီး ဆိုးလ်ရှားအနေနဲ့ အလုပ်မဖြစ်တဲ့ ၄-၂-၃-၁ ကစားကွက်ကို စွန့်လွှတ်ပြီး ၃-၅-၂ ကစားကွက်ကို ဆက်လက် သုံးစွဲသင့်ကြောင်း အကြံပေးမှုတွေလည်း ထွက်ပေါ်လာပါတယ်။

ပရီးမီးယားလိဂ်ရဲ့ သက်တော်ရှည် ကစားသမား တဦး ဖြစ်ခဲ့ကာ လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အဘွန်လဟောကလည်း ဆိုးလ်ရှားအနေနဲ့ တိုက်စစ်ပိုင်းက သွင်းဂိုးတွေ ရရှိဖို့ အာမခံချက် ပေးနိုင်တဲ့ အနေအထားကို ပိုင်ဆိုင်ထားတာကြောင့် ခံစစ်ပိုင်း လုံခြုံမှု ပိုမို မြင့်မားလာအောင် ၃-၅-၂ ကစားကွက်ကို သုံးစွဲကာ ရလဒ်ကောင်းတွေ ရယူသင့်ကြောင်း တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

Photo Credit: Express

အဘွန်လဟောက – “စပါးနဲ့ပွဲရဲ့ ပထမဦးဆုံး စက္ကန့်မှာထဲက ကစားသမားတွေဟာ တိုက်ပွဲဝင်ခဲ့ကြပါတယ်။ သူတို့က ဆိုးလ်ရှား အတွက် တိုက်ပွဲဝင်ခဲ့ကြတာပါ။ ခင်ဗျားရဲ့ နောက်ခံလူတွေ ခြေစွမ်းပြဖို့ ရုန်းကန်နေရရင် ၊ အသင်းက ပေးဂိုးမဲ့ပွဲတွေ ရယူနိုင်ဖို့ ရုန်းကန်နေရရင် ၃-၅-၂ ကစားကွက်က သုံးကို သုံးသင့်တဲ့ ကစားကွက် တခုပါ။ ပေးဂိုးတွေ များနေရင် နောက်ခံလူ ၅ယောက်ကို သုံးစွဲလိုက်တာက အကောင်းဆုံး နည်းလမ်းပါပဲ။ ဒါကို ကျွန်တော် ပြီးခဲ့တဲ့အပတ်ထဲက ပြောခဲ့တာပါ။ ဆိုးလ်ရှားက ရိုနယ်ဒို ၊ ကာဗာနီ ၊ ဂရင်းဝုဒ် ၊ ရက်ဖို့ဒ်တို့လို သွင်းဂိုးတွေကို အာမခံနိုင်တဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် ဆိုးလ်ရှားက ၃-၅-၂ ကစားကွက်ကို ဆက်ပြီး သုံးစွဲသင့်ပါတယ်။ ပြီးတော့ အခုလိုမျိုး အရေးကြီးတဲ့ ပွဲတပွဲမှာ နည်းစနစ် အပြောင်းအလဲ လုပ်ရဲတဲ့ ဆိုးလ်ရှားကိုလည်း ချီးကျူးချင်ပါတယ်” လို့ ပြောကြားခဲ့တာပါ။