အင်္ဂလန် ပရီးမီးယားလိဂ်ရဲ့ နာမည်ကျော် တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ အဘွန်လဟော ကတော့ သူ့ရဲ့ အသင်းဟောင်း ဗီလာအသင်းက မန်ချက်စတာ ယူနိုက်တက်အသင်းကို အဝေးကွင်းမှာ အနိုင်ရခဲ့ပြီးနောက် မန်ချက်စတာ ယူနိုက်တက်အသင်းဟာ အသင်းရဲ့နည်းပြ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်သင့်ပြီလို့ အကြံပေးသွားခဲ့ပါတယ်။

မန်ချက်စတာ ယူနိုက်တက်အသင်းဟာ ပရီးမီးယားလိဂ် ပွဲစဉ်(၆) အဖြစ် ဗီလာအသင်းကို အိမ်ကွင်းမှာ လက်ခံကစားခဲ့ရတဲ့ ပွဲစဉ်မှာ ၀-၁ ဆိုတဲ့ ရလဒ်နဲ့ အရေးနိမ့်ခဲ့ပြီး ယခုနှစ် ဘောလုံးရာသီရဲ့ ပထမဦးဆုံး ပရီးမီးယားလိဂ် ရှုံးပွဲနဲ့ ကြုံခဲ့ရသလို ပြိုင်ပွဲစုံမှာတော့ နှစ်ပွဲဆက် အရေးနိမ့်ခဲ့တာပါ။

Photo Credit: Metro

ဒါကြောင့်လည်း ရလဒ်တွေ အနည်းငယ် တိမ်းစောင်းလာတာနဲ့ ပတ်သတ်ပြီး မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့နည်းပြ ဆိုးလ်ရှားအပေါ် ဖိအားတွေ စတင် သက်ရောက်နေကာ လာမယ့်ပွဲစဉ်တွေမှာသာ ရလဒ်ကောင်းတွေ ထပ်မံ ရယူနိုင်ခြင်း မရှိရင် ဆိုးလ်ရှားအနေနဲ့ ရာထူးကနေ နုတ်ထွက်ရတဲ့ အထိ ဖြစ်လာနိုင်ပါတယ်။

ဗီလာအသင်းရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ အဘွန်လဟော ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ နည်းစနစ်ပိုင်း အားနည်းတဲ့ ဆိုးလ်ရှားကို ရာထူးကနေ ထုတ်ပယ်ပြီး ဆုဖလားပေါင်း များစွာကို ရယူထားနိုင်ခဲ့တဲ့ အင်တာမီလန် နည်းပြဟောင်း ကွန်တီကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း အကြံပေးလိုက်ပါတယ်။

Photo Credit: Metro

အဘွန်လဟောက – “ချယ်လ်ဆီးအသင်းက အသင်းရဲ့ ဂန္တဝင် ကစားသမား တဦး ဖြစ်တဲ့ လမ်းပတ်ကို နည်းပြရာထူး ကနေ ထုတ်ပယ်ပြီး တူချယ်ကို ခန့်လိုက်တဲ့အခါ ဘယ်လို အောင်မြင်ခဲ့လဲ ဆိုတာ အားလုံးပဲ မြင်တွေ့ကြမှာပါ။ မန်ချက်စတာ ယူနိုက်တက်အသင်းကလည်း အိုလီကို ဘုတ်အဖွဲ့ထဲမှာ နေရာတနေရာ ပေးပြီး နည်းပြရာထူးကနေ ထုတ်ပယ်သင့်ပါပြီ။ ပြီးရင်တော့ ကွန်တီကို ခန့်လိုက်ပါ။ သူက ကစားသမားတွေဆီ ကနေ အကောင်းဆုံး အရာတွေကို ညှစ်ထုတ်ပြပါလိမ့်မယ်” လို့ အကြံပေးခဲ့တာပဲ ဖြစ်ပါတယ်။