ပရီးမီးယားလိဂ်ရဲ့ ကစားသမားဟောင်း တဦး ဖြစ်သူ အဘွန်လဟော ကတော့ ယခုနှစ် ဘောလုံးရာသီမှာ ပရီးမီးယားလိဂ်ပြိုင်ပွဲရဲ့ အကောင်းဆုံး ကစားသမား အဖြစ် ခြေစွမ်းပြနေတဲ့ လီဗာပူးအသင်းရဲ့ တိုက်စစ်မှူး မိုဟာမက် ဆာလာဟာ ချယ်လ်ဆီးအသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး ဒရော့ဘာထက် ပိုကောင်းတဲ့ တိုက်စစ်မှူး တဦး ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အသက် ၂၉နှစ် အရွယ် အီဂျစ် လက်ရွေးစင် အသင်းခေါင်းဆောင် မိုဟာမက် ဆာလာဟာ ယခုနှစ် ဘောလုံးရာသီမှာ လီဗာပူးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၀ပွဲ ပါဝင် ကစားပေးထားရာ သွင်းဂိုး ၁၀ဂိုး သွင်းယူထားနိုင်ပြီး ဂိုးဖန်တီးမှု ၄ကြိမ် ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Metro

ဒါ့အပြင် ဆာလာဟာ နောက်ဆုံး ကစားခဲ့တဲ့ မန်ချက်စတာ စီးတီး ၊ ဝက်ဖို့ဒ်အသင်းတို့နဲ့ ပွဲစဉ်တွေမှာ ကမ္ဘာ့အဆင့် သွင်းဂိုး ၂ဂိုးကို သွင်းယူပေးနိုင်ခဲ့တာကြောင့် လီဗာပူးအသင်းရဲ့ နည်းပြ ဂျာဂင် ကလော့ပ်က သူ့ရဲ့ ကစားသမားဟာ လက်ရှိ ကမ္ဘာ့အကောင်းဆုံး ကစားသမား ဖြစ်နေပြီလို့ ချီးကျူးထားခဲ့ပါတယ်။

ဆာလာဟာ လက်ရှိမှာ သူ့ရဲ့ ကစားသမားဘဝ အကောင်းဆုံး ခြေစွမ်းကို ပိုင်ဆိုင်ထားသလို အင်္ဂလန် ပရီးမီးယားလိဂ် ပြိုင်ပွဲရဲ့ သမိုင်းမှာ ဂိုးသွင်းအများဆုံး အာဖရိကန် ကစားသမား ဆိုတဲ့ ဂုဏ်ပုဒ်ကို ချယ်လ်ဆီးရဲ့ ဂန္တဝင် တိုက်စစ်မှူးကြီး ဒီဒီယာ ဒရော့ဘာနဲ့ အတူ ခွဲဝေ ရရှိထားပါတယ်။

Photo Credit: Metro

အက်စ်တွန်ဗီလာအသင်းရဲ့ ဂန္တဝင် တိုက်စစ်မှူး တဦး ဖြစ်သလို ဒရော့ဘာနဲ့ ခေတ်ပြိုင် တိုက်စစ်မှူးလည်း ဖြစ်တဲ့ အဘွန်လဟော ကတော့ ဆာလာဟာ ဒရော့ဘာထက် ပိုမို ကောင်းမွန်ပြီး ပရီးမီးယားလိဂ် သမိုင်းမှာ အကောင်းဆုံး အာဖရိကန် ကစားသမား ဖြစ်ကြောင်း ချီးကျူးသွားခဲ့ပါတယ်။

အဘွန်လဟောက – “ ကျွန်တော်ကတော့ ပရီးမီးယားလိဂ် သမိုင်းရဲ့ အကောင်းဆုံး အာဖရိက ကစားသမား အဖြစ် မိုဟာမက် ဆာလာကို သတ်မှတ်ချင်ပါတယ်။ သူက အခုဆိုရင် ပရီးမီးယားလိဂ်ပြိုင်ပွဲမှာ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသထားနိုင်ပါတယ်။ ဒုတိယ အကောင်းဆုံး ကတော့ ဒရော့ဘာပေါ့။ ယာယာတိုရေးကလည်း အံ့အားသင့်စရာ ကောင်းတဲ့ ကစားသမား တဦးပါ။ ဒါပေမယ့် ကျွန်တော်ကတော့ ချယ်လ်ဆီးအသင်းမှာ ဒရော့ဘာ စွမ်းဆောင်ပြခဲ့တာတွေ ၊ သူ ရရှိထားတဲ့ ဂန္တဝင် ဆိုတဲ့ ဂုဏ်ပုဒ်တွေကြောင့် ဒရော့ဘာကို ဒုတိယ အကောင်းဆုံး အဖြစ် သတ်မှတ်ပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။