ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာရဲ့ ကစားသမားဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ ဝေဖန် သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ အဘွန်လဟောက ယမန်နေ့ညမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ ဝက်စ်ဟမ်း ၂-၂ လီဗာပူး ပွဲစဉ်အတွင်းမှာ အချင်းများခဲ့ကြတဲ့ လီဗာပူးနည်းပြ ကလော့ပ်နဲ့ လီဗာပူးကြယ်ပွင့် ဆာလာတို့ရဲ့ ရန်ပွဲမှာ ဆာလာက မှန်ပြီး ၊ ကလော့ပ်က မှားခဲ့တယ်လို့ ပြောပြီး ကလော့ပ်ကို ဝေဖန်မှုတွေ လုပ်သွားခဲ့ပါတယ်။

ချန်ပီယံဆု အတွက် မဖြစ်မနေ နိုင်ပွဲတွေ စုဆောင်းနိုင်ဖို့ လိုအပ်နေတဲ့ လီဗာပူးက ယမန်နေ့ညမှာ ပရီးမီးယားလိဂ် ပွဲစဉ်(၃၅) အဖြစ် လန်ဒန်ကလပ် ဝက်စ်ဟမ်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင် ကစားခဲ့ပြီး အဆိုပါပွဲမှာ ကလော့ပ်က အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေလို့ ဆိုရမယ့် ဆာလာနဲ့ နူနက်စ်တို့ကို အရန်ခုံဆီ ပို့ခဲ့ပါတယ်။

Photo Credit: Standard

ဆာလာနဲ့ နူနက်စ်တို့က ပြီးခဲ့တဲ့ ကြားရက်မှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ အဲဗာတန် ၂-၀ လီဗာပူး ပွဲစဉ်မှာ ရလာတဲ့ အခွင့်အရေးတွေကို ဖြုန်းတီးခဲ့တာကြောင့် ကလော့ပ်က သူတို့နှစ်ဦးကို အရန်ခုံ ပို့ပြီး ဂတ်ပို ၊ ဒီယက်ဇ်နဲ့ အဲလိယော့တို့ကို တွဲဖက်ကာ ဝက်စ်ဟမ်းနဲ့ ပွဲမှာ ထုတ်သုံးခဲ့တာပဲ ဖြစ်ပါတယ်။

ကလော့ပ်က တိုက်စစ်မှူးတွေကို အပြောင်းအလဲ လုပ်ကာ နိုင်ပွဲ ပြန်ရှာဖို့ ကြိုးစားခဲ့ပေမယ့် ဆာလာနဲ့ နူနက်စ်တို့လို တိုးအား ၊ ရုန်းအား ကောင်းမွန်တဲ့ တိုက်စစ်မှူးတွေ မပါဝင်ခဲ့တာကြောင့် လီဗာပူးရဲ့ တိုက်စစ်ပိုင်းက အပိုင်ဂိုးသွင်းခွင့်တွေ ဖန်တီးနိုင်ဖို့ ရုန်းကန်ခဲ့ရပြီး ရခဲ့တဲ့ သွင်းဂိုး ၂ဂိုးအနက် ၁ဂိုးကလည်း ဝက်စ်ဟမ်းဂိုးသမား အာရီအိုလာရဲ့ ကိုယ့်ဂိုးကိုယ်သွင်းယူမှု ကနေ ရခဲ့တာပါ။

ပွဲချိန် မိနစ် ၈၀ကျော်မှာတော့ ကလော့ပ်က အလုပ်မဖြစ်တဲ့ ကစားသမားတွေကို လဲပြီး ဆာလာနဲ့ နူနက်စ်တို့ကို ထည့်သွင်းကာ အနိုင်ဂိုး ရှာဖွေဖို့ ကြိုးစားခဲ့ပေမယ့် ဆာလာက သူ့ကို ပွဲပြီးခါနီးမှသာ ထည့်ကစားခဲ့တဲ့ ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်ကို မကျေနပ်တာကြောင့် လူစားလဲကာ ဝင်ရောက် မကစားခင်မှာ ကလော့ပ်နဲ့ ကွင်းဘေးမှာတင် စကားများခဲ့ပါတယ်။

Photo Credit: Football 365

ပွဲအပြီးမှာ ထွက်ပေါ်လာတဲ့ သတင်းတွေအရ ဆာလာက ဒီပွဲမှာ ပွဲစကတည်းက ဝင်ရောက် ကစားချင်ခဲ့ပေမယ့် ကလော့ပ်က သူ့ကို လူစားဝင် ကစားသမား အဖြစ်သာ သုံးခဲ့တာကြောင့် ကလော့ပ်နဲ့ ဆာလာတို့ ကြားထဲမှာ စကားများခဲ့တာလို့ သိရပါတယ်။ ဘောလုံးရေးရာ သုံးသပ်သူ အဖြစ် လုပ်ကိုင်နေတဲ့ အဘွန်လဟောကတော့ ဆာလာလို ကစားသမားမျိုးကို အရန်ခုံ ပို့ခဲ့တဲ့ ကလော့ပ်ရဲ့ ဆုံးဖြတ်ချက်က မှားတယ်လို့ ဝေဖန် ထောက်ပြလာခဲ့ပါတယ်။

အဘွန်လဟောက – “ဆာလာက လူစားဝင် ကစားရမယ့် ကစားသမားမျိုး မဟုတ်ပါဘူး။ ဝက်စ်ဟမ်းလို ခက်ခဲတဲ့ ပြိုင်ဘက်နဲ့ ကစားရမယ့် အချိန်မှာ ခင်ဗျားက သူ့ကို ၁၂မိနစ်ပဲ ကစားခွင့် ပေးလို့ မရပါဘူး။ ဆာလာသာ မရှိဘူး ဆိုရင် လီဗာပူးက ဘာဖလားကိုမှ ရခဲ့မှာ မဟုတ်ပါဘူး။ ဆာလာက လီဗာပူး အတွက် မယုံကြည်နိုင်စရာ စွမ်းဆောင်ပေးထားတဲ့ ကစားသမားပါ။ သူ့လို ကစားသမားမျိုး အတွက် လေးစားမှု ဆိုတာ ဘယ်မှာလဲ” လို့ ပြောကာ ကလော့ပ်ကို ဝေဖန်သွားခဲ့တာပဲ ဖြစ်ပါတယ်။