ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အဘွန်လဟောကတော့ နယ်သာလန်နည်းပြ တန်ဟက်ဂ် ဦးဆောင်နေတဲ့ မန်ချက်စတာ ယူနိုက်တက်ဟာ ခြေစွမ်းပိုင်း တည်ငြိမ်လာတာကြောင့် ဒီနှစ်ရဲ့ ပရီးမီးယားလိဂ် ချန်ပီယံတောင် ဖြစ်နိုင်သေးကြောင်း Talksport သတင်းဌာနနဲ့ ပြုလုပ်ခဲ့တဲ့ အင်တာဗျူးမှာ ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

ပရီးမီးယားလိဂ်ပြိုင်ပွဲကို အကြိမ်ရေ အများဆုံး ဗိုလ်စွဲထားနိုင်တဲ့ မန်ချက်စတာ ယူနိုက်တက်က အသင်းရဲ့ ဂန္တဝင် နည်းပြကြီး ဆာအဲလက်စ် ဖာဂူဆန် မရှိတော့တဲ့ နောက်ပိုင်း ပရီးမီးယားလိဂ် ချန်ပီယံဆုကို ရယူနိုင်ခြင်း မရှိတော့ပဲ အမြင့်ဆုံး ရပ်တည်မှုအနေနဲ့ အဆင့်၂နေရာမှာသာ ရပ်တည်နိုင်ပါတော့တယ်။

Photo Credit: Football 365

ယခုနှစ် ဘောလုံးရာသီ အစမှာတော့ မန်ချက်စတာ ယူနိုက်တက်က နယ်သာလန် ထိပ်သီးနည်းပြ အဲရစ် တန်ဟက်ဂ်ကို နည်းပြသစ် အဖြစ် ခန့်အပ်ကာ အသင်းကို လမ်းကြောင်းမှန်ပေါ် ပြန်ရောက်အောင် ကြိုးစားဖို့ စီစဉ်ခဲ့ပြီး တန်ဟက်ဂ်ရဲ့ လက်အောက်မှာ မန်ချက်စတာ ယူနိုက်တက်ရဲ့ ကစားပုံနဲ့ ရလဒ်ပိုင်းတွေက သိသိသာသာ တိုးတက်လာခဲ့ပါတယ်။

အထူးသဖြင့် တန်ဟက်ဂ်ရဲ့ ခေါ်ယူမှုတွေ ဖြစ်တဲ့ အန်တိုနီ ၊ မာတီနက်ဇ် ၊ အဲရစ်ဆင် ၊ ကတ်စ်မဲရိုး စတဲ့ ကစားသမားတွေက လျင်လျင်မြန်မြန်ပဲ အသင်းနဲ့ အထိုင်ကျခဲ့သလို အသင်းရဲ့ အဓိက ကစားသမားတွေ အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားနိုင်ကြပြီး အဲရစ်ဆင် ၊ ကတ်စ်မဲရိုးနဲ့ ဘရူနို ဖာနန်ဒက်တို့ရဲ့ ကွင်းလယ်က မန်ချက်စတာ ယူနိုက်တက်ကို ရလဒ်ကောင်းတွေ ရအောင် ယူဆောင်ပေးနေပါတယ်။

မန်ချက်စတာ ယူနိုက်တက်က နောက်ဆုံး ယှဉ်ပြိုင် ကစားခဲ့တဲ့ ပရီးမီးယားလိဂ်ပွဲ ၁၃ပွဲမှာလည်း ၉ပွဲနိုင် ၊ ၂ပွဲသရေ ၊ ၂ပွဲရှုံး ဆိုတဲ့ ရလဒ်ကောင်း တခုကို ပိုင်ဆိုင်ထားပြီး မန်ချက်စတာ ယူနိုက်တက်ရဲ့ တိုးတက်လာတဲ့ ခြေစွမ်းတွေကြောင့် အဘွန်လဟောက မန်ချက်စတာ ယူနိုက်တက်ဟာ ရာသီကုန်ချိန်မှာ ပရီးမီးယားလိဂ် ချန်ပီယံအဖြစ် အောင်ပွဲခံနိုင်မယ့် အလားအလာတွေ ရှိနေကြောင်း ပြောကြားသွားခဲ့တာပါ။

Photo Credit: Football 365

အဘွန်လဟောက – “ကျွန်တော်ကတော့ မန်ချက်စတာ ယူနိုက်တက်ဟာ အဆင့်၄အတွင်း ဝင်အောင် ကြိုးစားမယ် ဆိုတဲ့ ရည်မှန်းချက်ထက် ပိုမြင့်တဲ့ ရည်မှန်းချက်မျိုးကို ထားသင့်တယ်လို့ မြင်ပါတယ်။ သူတို့က ပရီးမီးယားလိဂ် ချန်ပီယံဆု အတွက် ရည်ရွယ်ပြီး ကြိုးစားသင့်ပါတယ်။ မန်ချက်စတာ ယူနိုက်တက်မှာသာ ဒဏ်ရာပြဿနာတွေ ကင်းရှင်းခဲ့မယ် ဆိုရင် သူတို့ရဲ့ လူစာရင်းက ဒီလိုမျိုး ဖြစ်နေလိမ့်မယ်ဗျ။ သူတို့မှာ ဒီဂီယာနဲ့ ဒါးလော့တို့လို ပုံစံကောင်း ရနေတဲ့ ကစားသမားတွေ ရှိတယ်။ ဗာရန်းနဲ့ မာတီနက်ဇ်တို့လို ကမ္ဘာ့ဖလား ရဖူးတဲ့ ဗဟိုခံစစ်အတွဲ ရှိမယ်။ ဗာရန်းက သူ့ရဲ့ ကစားသမား ဘဝ ဘယ်လို အောင်မြင်မှုတွေ ရယူနိုင်ခဲ့သလဲ ဆိုတာနဲ့ သူဟာ ထိပ်တန်း ခံစစ်မှူး တဦး ဖြစ်တာကို ကျွန်တော်တို့တွေ အားလုံး သိထားကြတာပဲလေ။ ပြီးတော့ သူတို့ရဲ့ ဘယ်ခြမ်းခံစစ်မှာ လုခ်ရှော ရှိတယ်။ သူတို့ရဲ့ ကွင်းလယ်မှာ ကတ်စ်မဲရိုး ၊ အဲရစ်ဆင်နဲ့ ဖာနန်ဒက်တို့ ရှိမယ်။ အဲ့ဒီကွင်းလယ်အတွဲရဲ့ ဖန်တီးနိုင်စွမ်းက တကယ်ကို မြင့်ပါတယ်။ ပြီးတော့ သူတို့မှာ ရက်ဖို့ဒ်နဲ့ အန်တိုနီတို့လို အရည်အသွေးမြင့် တောင်ပံ ကစားသမားတွေ ရှိတယ်။ အန်တိုနီက အခုမှ သင်ယူနေဆဲ ဆိုပေမယ့် တကယ်ကို ကောင်းတဲ့ ကောင်လေး တယောက်ပါ။ အထောင်မှာဆိုရင် မာရှယ် ရှိမယ်။ ဒီလူစာရင်းက အဆင့်၄အတွင်း ဝင်တာထက် ပိုပြီး ကြီးမားတဲ့ အောင်မြင်မှုကို ရယူနိုင်တယ်လို့ ယုံကြည်ပါတယ်။ ပြီးတော့ မန်ချက်စတာ ယူနိုက်တက်ရဲ့ ပွဲထွက် လူစာရင်းက ချယ်လ်ဆီးရဲ့ ပွဲထွက် လူစာရင်းထက် ပိုကောင်းပါတယ်” လို့ ထုတ်ဖော် ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။