တချိန်က ပရီးမီးယားလိဂ်ရဲ့ အကောင်းဆုံး တိုက်စစ်မှူးတွေထဲမှာ ပါဝင်ခဲ့တဲ့ ဗီလာအသင်းရဲ့ တိုက်စစ်မှူးဟောင်း အဘွန်လဟော ကတော့ ပရီးမီးယားလိဂ်ထံ တကျော့ပြန် ပြန်လည် ရောက်ရှိလာတဲ့ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး လူကာကူဟာ လက်ရှိ ပရီးမီးယားလိဂ်ရဲ့ ရွှေဖိနပ်ဆုရှင် စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းထက် ပိုမို ကောင်းမွန်တဲ့ တိုက်စစ်မှူး တဦး ဖြစ်ကြောင်း သူ့ရဲ့အမြင်ကို ထုတ်ဖော် ပြောကြားခဲ့ပါတယ်။

အသက် ၂၈နှစ် အရွယ် ဘယ်လ်ဂျီယံ လက်ရွေးစင် တိုက်စစ်မှူး လူကာကူဟာ ပရီးမီးယားလိဂ် အတွေ့အကြုံရင့် တိုက်စစ်မှူး တဦး ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အင်တာမီလန်အသင်းကို နှစ်ပေါင်းများစွာ ဝေးကွာနေတဲ့ စီးရီးအေ စကူဒက်တိုဖလား ရရှိအောင် ကူညီပေးပြီးနောက် ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းဟောင်း ချယ်လ်ဆီးအသင်းထံ ပြန်ရောက်လာသူပါ။

Photo Credit: Talksport

လူကာကူဟာ ချယ်လ်ဆီးအသင်းထံ ပြန်လည် ရောက်ရှိပြီးနောက် အသင်းအတွက် ပြိုင်ပွဲစုံမှာ ၄ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၄ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။ တဖက်မှာတော့ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ဂိုးသွင်းအများဆုံး ကစားသမားဆုနဲ့ ဂိုးဖန်တီးမှု အများဆုံး ကစားသမားဆုတို့ကို တပြိုင်နက်ထဲ သိမ်းပိုက်နိုင်ခဲ့တဲ့ စပါးအသင်းရဲ့ တိုက်စစ်မှူး ဟယ်ရီကိန်းကတော့ မန်ချက်စတာ စီးတီးအသင်းထံ ပြောင်းရွှေ့ခွင့် မရတဲ့နောက် စိတ်ပျံ့လွင့်နေပြီး စပါးအသင်း အတွက် ခြေစွမ်းပြနိုင်ဖို့ ရုန်းကန်နေရပါတယ်။

ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သူ အဘွန်လဟော ကတော့ လူကာကူနဲ့ ဟယ်ရီကိန်းတို့ဟာ အရည်အသွေးချင်း ထပ်တူညီလုနီးပါး ရှိနေတဲ့ တိုက်စစ်မှူးတွေ ဖြစ်ပေမယ့် လူကာကူက ဟယ်ရီကိန်းထက် Pace (အဟုန်) ပိုမို သာလွန်တဲ့ ကစားသမား ဖြစ်ကြောင်းနဲ့ သူတို့နှစ်ဦးထဲက တဦးကိုသာ ရွေးရမယ် ဆိုပါက လူကာကူကိုသာ ရွေးချယ်သွားမှာ ဖြစ်ကြောင်း ပြောကြားခဲ့ပါတယ်။

Photo Credit: Talksport

လူကာကူနဲ့ ဟယ်ရီကိန်း ဘယ်သူ့ကို ပိုကောင်းလဲ ဆိုတာနဲ့ ပတ်သတ်ပြီး အဘွန်လဟောက – “ လူကာကူက ဂိုးဧရိယာထဲမှာပဲ စောင့်ပြီး ဂိုးသွင်းချင်တဲ့ တိုက်စစ်မှူး တဦးပါ။ ဒါပေမယ့် ကွင်းလယ်ကို ပြန်ဆင်းဖို့ လိုတဲ့အခါ သူက ကွင်းလယ်မှာ ရှိနေတတ်ပါတယ်။ ဗီလာအသင်းနဲ့ ပွဲစဉ်မှာတော့ သူက ဂိုးသွင်းတဲ့ တချိန်ကလွဲပြီး ဘောလုံးကို ထိတွေ့နေတာမျိုး မမြင်ခဲ့ရပါဘူး။ သူက ကွင်းလယ်လူတွေ လုပ်ရမယ့် အလုပ်ကို လိုက်မလုပ်ပဲ သူ ရှိနေသင့်တဲ့ ဂိုးဧရိယာထဲမှာပဲ နေပါတယ်။ ဗီလာအသင်းနဲ့ပွဲစဉ်က ပထမသွင်းဂိုးကို ကြည့်မယ်ဆိုရင် သူက ဘောလုံးနဲ့ အတော်လေးကို ဝေးနေပေမယ့် ဘောလုံးကို အရယူခဲ့တာကို မြင်ရပါမယ်။ ဒါက ဟယ်ရီကိန်းမှာ မရှိတဲ့ အရည်အချင်းတခုပါ။ ဟယ်ရီကိန်းက Paceပိုင်းမှာ လူကာကူကို မယှဉ်နိုင်ပါဘူး။ ဒါကြောင့် သူတို့ထဲက တယောက်ကိုသာ ရွေးရမယ် ဆိုရင် ကျွန်တော်က လူကာကူကို ပိုပြီး သဘောကျပါတယ်” လို့ ပြောကြားခဲ့တာပဲ ဖြစ်ပါတယ်။