ပရီးမီးယားလိဂ်ကလပ် အက်စ်တွန်ဗီလာရဲ့ ဂန္တဝင် တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိအချိန်မှာ ဘောလုံးရေးရာ သုံးသပ် ဝေဖန်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အဘွန်လဟောက ယခု နွေဈေးကွက် အတွင်းမှာပဲ ဘာစီလိုနာကနေ မဖြစ်မနေ ထွက်ခွာရဖွယ် ရှိနေတဲ့ ဒီဂျောင်အနေနဲ့ သူ့ရဲ့ ဆရာဟောင်း အဲရစ် တန်ဟက်ဂ် ရှိနေတဲ့ မန်ချက်စတာ ယူနိုက်တက်ကို ငြင်းပြီး ယူနိုက်တက်ရဲ့ အဓိက ပြိုင်ဘက် ချယ်လ်ဆီးဆီသာ ပြောင်းရွှေ့ဖို့ တိုက်တွန်း အကြံပေးသွားခဲ့ပါတယ်။

ယခု နွေဈေးကွက် အတွင်းမှာ အဓိက ကွင်းလယ်လူ နှစ်ဦး ဖြစ်တဲ့ မာတစ်နဲ့ ပေါ့ဘာတို့ကို လက်လွှတ်ထားရတဲ့ မန်ချက်စတာ ယူနိုက်တက်က သူတို့ရဲ့ ဗဟိုကွင်းလယ် နေရာအတွက် ဒီဂျောင်ကို ခေါ်ယူဖို့ နွေအပြောင်းအရွှေ့ ဖွင့်လှစ်ချိန်ကတည်းက ကြိုးပမ်းနေခဲ့တာ ဖြစ်ပြီး ဒီဂျောင်ကို ပြောင်းရွှေ့ကြေး ယူရို ၈၅သန်းနဲ့ ခေါ်ယူဖို့ ဘာစီလိုနာနဲ့ သဘောတူညီမှု ရရှိထားပါတယ်။

Photo Credit: Talksport

ဒါကြောင့် မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို သူတို့အသင်းဆီ ခေါ်နိုင်ဖို့ အတွက် ဒီဂျောင်ရဲ့ သဘောတူညီမှုသာ လိုအပ်တော့ပေမယ့် ဒီဂျောင်ကတော့ အခုချိန်အထိ မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းရွှေ့ဖို့ ငြင်းဆန်နေပါသေးတယ်။

လက်ရှိမှာတော့ မန်ချက်စတာ ယူနိုက်တက်က ဒီဂျောင်ကို ခေါ်ယူနိုင်မယ်လို့ ယုံကြည်နေဆဲ ဖြစ်ပြီး ဘောလုံးရေးရာ ဝေဖန်သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင် ဆောင်ရွက်နေတဲ့ အဘွန်လဟောက ဒီဂျောင်ဟာ မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းရွှေ့ချင်တာကြောင့် ဘာစီလိုနာကနေ ထွက်ခွာဖို့ ငြင်းဆန်နေတာ ဖြစ်ကြောင်းနဲ့ အကယ်၍ ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် ချယ်လ်ဆီးတို့ကသာ ဒီဂျောင်ကို ခေါ်ယူဖို့ ကြိုးစားရင် ဒီဂျောင်အနေနဲ့ အဲ့ဒီအသင်းတွေဆီ ပြောင်းရွှေ့နိုင်ကာ ချယ်လ်ဆီးဟာ ဒီဂျောင်အတွက် အသင့်တော်ဆုံး နေရာတခု ဖြစ်ကြောင်း ထုတ်ဖော် ပြောကြားသွားခဲ့ပါတယ်။

Photo Credit: Talksport

အဘွန်လဟောက – “ကျွန်တော် အခုပြောမယ့် စကားကို ယူနိုက်တက် ပရိသတ်တွေ ကြိုက်ချင်မှ ကြိုက်ပါလိမ့်မယ်။ လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက်က ထိပ်တန်း ကစားသမားတွေကို ဆွဲဆောင်နိုင်စွမ်း မရှိတော့ပါဘူး။ ဒီဂျောင်က ဘာစီလိုနာကနေ ထွက်ခွာရမယ် ဆိုရင်တောင် မန်ချက်စတာ ယူနိုက်တက်ဆီ မပြောင်းချင်တဲ့ ပုံစံပါ။ သူက ဘိုင်ယန်မြူးနစ် ဒါမှမဟုတ် ချယ်လ်ဆီးတို့ဆီ ပြောင်းချင်နေတယ် ဆိုတဲ့ သတင်းတွေလည်း ထွက်ထားပါတယ်။ တကယ်လို့ ကျွန်တော်ကသာ သူ့ရဲ့ နေရာမှာ အသင်းတသင်းဆီ ပြောင်းရွှေ့ဖို့ ရွေးချယ်ရမယ် ဆိုရင် မန်ချက်စတာ ယူနိုက်တက်ဆီ ပြောင်းဖို့ထက် ချယ်လ်ဆီးဆီပဲ ပြောင်းဖို့ ဆုံးဖြတ်မိပါလိမ့်မယ်” လို့ တိုက်တွန်း အကြံပေးသွားခဲ့တာပါ။