ပရီးမီးယားလိဂ်ရဲ့ တိုက်စစ်မှူးဟောင်း တဦး ဖြစ်သလို လက်ရှိမှာ ဘောလုံးရေးရာ သုံးသပ်သူ တဦး အဖြစ် လုပ်ကိုင်နေတဲ့ အဘွန်လဟောကတော့ ချယ်လ်ဆီးက အာဆင်နယ်ရဲ့ ကာလရှည်ပစ်မှတ် မူဒရစ်ကို ကြားဖြတ် ခေါ်ယူသွားနိုင်တဲ့ ဖြစ်ရပ်မှာ  ချယ်လ်ဆီးဟာ အာဆင်နယ်ကို ငွေအား သုံးပြီး အနိုင်ကျင့်သွားတယ်လို့ သုံးသပ်သွားခဲ့ပါတယ်။

ပရီးမီးယားလိဂ် နာမည်ကြီးကလပ် အာဆင်နယ်က ရှက်တာဒိုးနက်နဲ့အတူ တောက်ပနေတဲ့ ယူကရိန်း လူငယ်ကြယ်ပွင့် မူဒရစ်ကို ခေါ်ယူဖို့ ပြီးခဲ့တဲ့ နွေဈေးကွက်ထဲက စတင် ကြိုးပမ်းလာတာ ဖြစ်ပြီး အာဆင်နယ်ရဲ့ အားကစားဒါရိုက်တာ အီဒူးကလည်း ဆောင်းဈေးကွက် စဖွင့်ချိန်ကတည်းက ရှက်တာဒိုးနက်ရဲ့ တာဝန်ရှိသူတွေနဲ့ ကြိမ်ဖန်များစွာ တွေ့ဆုံကာ မူဒရစ်ကို ခေါ်ယူနိုင်ဖို့ ကြိုးစားခဲ့ပါတယ်။

Photo Credit: Goal

ဒါပေမယ့် အာဆင်နယ်ဟာ ရှက်တာဒိုးနက်ဘက်က မူဒရစ်အတွက် တောင်းဆိုထားတဲ့ ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်းကို ပေးချေဖို့ တွန့်ဆုတ်နေခဲ့ပြီး ပြောင်းရွှေ့ကြေး ယူရို ၉၀သန်းကျော်နဲ့ အပြောင်းအရွှေ့ကို အပြီးသတ်ဖို့ ကြိုးစားခဲ့ကာ အဲ့ဒီအချိန်မှာပဲ အာဆင်နယ်ရဲ့ မြို့ခံပြိုင်ဘက် ချယ်လ်ဆီးက မူဒရစ်အတွက် ပြောင်းရွှေ့ကြေး ယူရို ၁၀၀သန်း ပေးပြီး မူဒရစ်ကို အာဆင်နယ်ရဲ့ လက်ထဲကနေ လုယူသွားခဲ့ပါတယ်။

ချယ်လ်ဆီးက မူဒရစ်ကို ကနဦး ပြောင်းရွှေ့ကြေး ယူရို ၇၀သန်း + အပိုဆုကြေး ယူရို ၃၀သန်းနဲ့ ခေါ်ယူဖို့ သဘောတူညီမှု ရယူသွားခဲ့တာ ဖြစ်ပြီး မူဒရစ်ကလည်း လက်ရှိမှာ လန်ဒန်မြို့ဆီ လာရောက်ကာ ချယ်လ်ဆီးနဲ့ ဆေးစစ်မှုတွေ လုပ်ဆောင်ဖို့ သဘောတူပြီးသွားပါပြီ။

Photo Credit: Goal

ချယ်လ်ဆီးက မူဒရစ်ကို အချိန်တိုအတွင်းမှာ လုယူသွားခဲ့တာဟာ မူဒရစ်ကို အချိန်အတော်ကြာ ခေါ်ယူဖို့ ကြိုးစားခဲ့တဲ့ အာဆင်နယ်အတွက် အရှက်ရစရာ ကိစ္စရပ် တခု ဖြစ်ပြီး အဘွန်လဟောကတော့ ချယ်လ်ဆီးဟာ သူတို့ရဲ့ ဓနအင်အားကို သုံးကာ အာဆင်နယ်ကို အနိုင်ကျင့်သွားတယ်လို့ ရှုမြင်နေပါတယ်။

အဘွန်လဟောက – “မူဒရစ်ရဲ့ အပြောင်းအရွှေ့မှာ ချယ်လ်ဆီးက အာဆင်နယ်ကို အနိုင်ကျင့်သွားတာပါ။ သူတို့က ဓနအင်အားနဲ့ အာဆင်နယ်ကို အနိုင်ကျင့်ခဲ့ပါတယ်။ ချယ်လ်ဆီးရဲ့ တာဝန်ရှိသူတွေက မူဒရစ်ရဲ့ အေးဂျင့်ဆီ သွားပြီးတော့ “ငါတို့တွေ မင်းကို အေးဂျင့်ခ ပိုပေးမယ်။ ပြီးတော့ ကစားသမားကိုလည်း လုပ်ခလစာ ပိုပေးမယ်။ ငါတို့က ရှက်တာဒိုးနက်ကိုလည်း ပိုက်ဆံတွေ ပုံပေးမယ်” လို့ ပြောခဲ့တဲ့ပုံပါပဲ” လို့ သူ့ရဲ့ ထင်မြင် ယူဆချက်ကို ပြောကြားသွားခဲ့တာပါ။