မန်ချက်စတာ ယူနိုက်တက်အသင်းကတော့ အသင်းရဲ့ လူငယ် ကွင်းလယ် ကစားသမားလေး ဇီဒန်း အစ်ဘဲလ်ကို အူထရက်အသင်းဆီ ရောင်းချခဲ့အပြီးမှာ နောက်ထပ် လူငယ် ကစားသမားလေးဖြစ်တဲ့ ကွင်းလယ်လူ ချာလီ ဆာဗေ့ချ်ကိုပါ ရက်ဒင်းအသင်းဆီ ရောင်းချဖို့ သဘောတူညီလိုက်ပါတယ်။

 ယူနိုက်တက်အသင်းက နည်းပြ အဲရစ် တန်ဟက်ဂ်လက်ထက်မှာ ဂါနာချိုလို လူငယ် ကစားသမားလေးက စီနီယာအသင်းမှာ နေရာရလာခဲ့သလို စာချုပ်သစ်ပါ ထပ်တိုး ချုပ်ဆိုခွင့် ရရှိခဲ့ပေမယ့်လည်း တခြား လူငယ် ကစားသမားလေးတွေကတော့ ဂါနာချိုအတိုင်း အသင်းကြီးမှာ နေရာရဖို့က ခဲယဉ်းနေရကာ အစ်ဘဲလ်ဆိုတဲ့ အီရတ် လက်ရွေးစင် ချာတိတ်လေး ဆိုရင်လည်း နယ်သာလန်ကလပ် အူထရက်အသင်းဆီ ယူရို (၁)သန်းနဲ့ ရောင်းထုတ်ခံလိုက်ရပါတယ်။

Photo Credit : talkSPORT

 အခုလည်း အစ်ဘဲလ်ရဲ့ အသင်းဖော်ဟောင်းလည်း ဖြစ်သလို အစ်ဘဲလ်နဲ့အတူ ယူနိုက်တက် စီနီယာအသင်းမှာ ကစားခွင့်ရခဲ့သူ အသက် (၂၀)အရွယ် ကွင်းလယ် ကစားသမားလေး ဆာဗေ့ချ်ကိုလည်း ရက်ဒင်းအသင်းဆီ အပြီးသတ် ရောင်းချဖို့ ယူနိုက်တက်ဘက်က သဘောတူလိုက်ပါတယ်။ ဆာဗေ့ချ်ကတော့ ၂၀၂၁ခုနှစ် ဒီဇင်ဘာလက ယှဉ်ပြိုင်ခဲ့တဲ့ ယန်းဘွိုင်းစ်အသင်းနဲ့ ချန်ပီယံလိဂ်ပွဲစဉ်မှာပဲ အသင်းအတွက် စတင် ကစားပေးခွင့် ရရှိခဲ့ပြီး အဲ့ဒီတစ်ချိန်လေးသာ ယူနိုက်တက်အတွက် ကစားခဲ့ရပါတယ်။

Photo Credit : The Sun

 ဝေးလ်စ် ကစားသမားဟောင်းကြီး ရော်ဘီ ဆာဗေ့ချ်ရဲ့ သားဖြစ်သူ ချာလီ ဆာဗေ့ချ်ဟာ ယူနိုက်တက်အသင်းရဲ့ ရာသီကြို ခြေစမ်းပွဲတွေမှာသာ ကစားခဲ့ရပြီး တရားဝင် ပွဲစဉ်တွေမှာတော့ ပွဲဦးထွက်ခွင့်ရတဲ့ ချန်ပီယံလိဂ် တစ်ပွဲတည်းသာ ကစားခဲ့ရပါတယ်။ ဒါကြောင့်လည်း မနှစ်က ဘောလုံးရာသီမှာ ဖောရက်စ် ဂရင်းအသင်းဆီ ရာသီဝက် အငှားနဲ့ သွားရောက် ကစားခဲ့ရပြီး အခုလည်း ရက်ဒင်းအသင်းဆီ အပြီးသတ် ပြောင်းရွှေ့ရပါတော့မယ်။ ဒါပေမယ့် ယူနိုက်တက်ကတော့ အစ်ဘဲလ်ရော ဆာဗေ့ချ်ကိုပါ ပြန်လည် ခေါ်ယူနိုင်တဲ့ buy back option တွေ အသီးသီး ထည့်သွင်း ချုပ်ဆိုဖြစ်ခဲ့ပါတယ်။