နယူးကာဆယ်အသင်းဟာ လက်စတာအသင်းရဲ့ ကွင်းလယ် ကစားသမား ဂျိမ်းစ်မက်ဒီဆင်ကို စပါးအသင်းနဲ့အပြိုင် မခေါ်ယူနိုင်ခဲ့ပေမယ့် နောက်ထပ် လက်စတာ ကြယ်ပွင့် တောင်ပံကစားသမား ဟာဗေးဘန်းစ်ကိုတော့ အရ ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Photo Credit : Fabrizio Romano

နယူးကာဆယ်က ဒီနွေဈေးကွက်အတွင်း အေစီမီလန်အသင်းရဲ့ အီတလီ ကွင်းလယ် ကစားသမား ဆန်ဒရိုတိုနာလီကို ယူရို သန်း (၇၀)နဲ့ ခေါ်ယူခဲ့ပြီးနောက် အပြောင်းအရွှေ့ လှုပ်ရှားမှုတွေ ရပ်တန့်နေခဲ့ရပါတယ်။ အခုတော့ နယူးကာဆယ်ဟာ တောင်ပံ တိုက်စစ်နေရာအတွက် ပြန်လည် လှုပ်ရှားလာခဲ့ပြီဖြစ်ပြီး ပရီးမီးယားလိဂ်ကနေ ချန်ပီယံရှစ်ဆီ တန်းဆင်းသွားခဲ့တဲ့ လက်စတာအသင်းက winger တစ်ဦးဖြစ်သူ ဟာဗေးဘန်းစ်ကို ခေါ်ယူသွားဖို့ စတင် ချိတ်ဆက်လာခဲ့ပါတယ်။

Photo Credit : Premier League

ဒီအပြောင်းအရွှေ့နဲ့ ပတ်သက်ပြီး ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်မှာတော့ နယူးကာဆယ်က ဟာဗေဘန်းစ်အတွက် ညှိနှိုင်းမှုများ လုပ်ဆောင်နေပြီး နယူးကာဆယ် နည်းပြ အက်ဒီဟောင်းကလည်း ဟာဗေးဘန်းစ်ကို ခေါ်ယူချင်နေသလို ဟာဗေးဘန်းစ် ကိုယ်တိုင်ကလည်း ချန်ပီယံလိဂ်ဝင်ခွင့်ပါ ရရှိထားတဲ့ နယူးကာဆယ်ဆီ ပြောင်းရွှေ့ချင်နေတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ ကလပ်အသင်း နှစ်သင်းကြား ဘာ သဘောတူညီချက်မှ မရရှိသေးပေမယ့်လည်း ဆွေးနွေးမှုတွေကတော့ ဆက်လက် လုပ်ဆောင်နေဆဲဖြစ်ပြီး အလားအလာလည်း ကောင်းနေတယ်လို့ ရိုမာနိုက ဖော်ပြထားပါတယ်။

အသက် (၂၅)နှစ်အရွယ်ရှိ တောင်ပံကစားသမား ဘန်းစ်ဟာ (၉)နှစ်သား အရွယ်ကတည်းက လက်စတာ လူငယ် အကယ်ဒမီဆီ ရောက်ရှိနေတာဖြစ်ပြီး လက်စတာအတွက် ပွဲပေါင်း (၁၈၇)ပွဲအထိ ပါဝင်ကစားထားခဲ့ကာ (၄၅)ဂိုး သွင်းယူထားနိုင်ခဲ့ပါတယ်။