မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ကစားသမားဟောင်းတစ်ယောက်ဖြစ်ပြီး လက်ရှိမှာတော့ လာလီဂါကလပ် ရီးရဲလ်ဆိုစီဒက်အသင်းမှာ ပါဝင်ကစားနေတဲ့ ဘယ်ဂျီယံကွင်းလယ်ကစားသမား အဒမ်ယာနူဇိုက်ဟာ ဒီကြားရက်မှာ သူရဲ့အသင်းဟောင်း ယူနိုက်တက်နဲ့ ယူရိုပါလိဂ်ပြိုင်ပွဲရဲ့ (၃၂)သင်း ရှုံးထွက်အဆင့်မှာ ပြန်လည်ထိပ်တိုက်ရင်ဆိုင်ရတော့မှာဖြစ်ပြီး သူချစ်မြတ်နိုးရတဲ့အသင်းနဲ့ ပြန်လည်ရင်ဆိုင်ရချိန်မှာ နိုင်ပွဲရယူသွားချင်တယ်လို့ ထုတ်ဖော်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Manchester Evening Standard

အသက်(၂၆)နှစ်အရွှယ်ရှိ ဘယ်ဂျီယံလက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမား ယာနူဇိုက်ဟာ အသက်(၁၆)နှစ်အရွှယ်မှာပဲ အန်ဒါလက်ချ်လူငယ်အသင်းကနေ ယူနိုက်တက်အသင်းကို ရောက်ရှိလာခဲ့ပြီး ၂၀၁၃ခုနှစ်မှာပဲ သူရဲ့စီနီယာကစားသမားဘဝကို စတင်ခွင့်ရခဲ့ပါတယ်။ ယာနူဇိုက်ဟာ ယူနိုက်တက်မှာ ပွဲအတော်အတန် ပါဝင်ကစားခဲ့ရတဲ့အပြင် ဒေါ့မွန် ဆန်းဒါလန်းအသင်းတွေမှာလည်း အငှားကစားသမားအဖြစ် ကျင်လည်ခဲ့ရပြီး ၂၀၁ရခုနှစ်မှာပဲ ဆိုစီဒက်အသင်းဆီကို အပြီးသတ်ပြောင်းရွှေ့ခဲ့ရကာ အခုတော့ ယူရိုပါလိဂ်ပြိုင်ပွဲအတွင်း ပြန်လည်ရင်ဆိုင်ရတော့မှာဖြစ်ပါတယ်။

Photo Credit : Manchester Evening Standard

အခုလို အသင်းဟောင်းနဲ့ ပြန်လည်ရင်ဆိုင်ရတော့မယ့် အခြေအနေနဲ့ပတ်သက်ပြီး ယာနူဇိုက်က “ကျွန်တော်ဘယ်လောက်ကောင်းမွန်သလဲဆိုတာကို ဘယ်သူ့ကိုမှ သက်သေပြစရာ မလိုပါဘူး။ ကျွန်တော်အနေနဲ့ ကိုယ်တိုင်ယုံကြည်မှုရှိဖို့ ပွဲတွေကို အကောင်းဆုံးကစားနိုင်ဖို့နဲ့ ပျော်ရွှင်မှုရှိဖို့ကပဲ လိုအပ်တာပါ။ ကျွန်တော် ချစ်မြတ်နိုးတဲ့ ကလပ်အသင်းရှိရာကို ပြန်လာပြီး ကစားရတော့မယ်ဆိုတဲ့အပေါ် အရမ်းဝမ်းသာမိပါတယ်။ ဒါပေမယ့် ဒီနေရာမှာ ကစားခဲ့ဖူးတယ်ဆိုပေမယ့်လည်း ကျွန်တော်က အခုအခြားကလပ်အသင်းတစ်သင်းအတွက် ပါဝင်နေရသူဖြစ်သလို အခုလို ထိပ်တိုက်တွေ့ချိန်မှာလည်း အနိုင်ရချင်ပါတယ်။ ကျွန်တော်ရဲ့ ဆိုစီဒက်အသင်းနဲ့အတူ နောက်ထပ်အဆင့်တစ်ခုကို တတ်လှမ်းသွားချင်ပါတယ်။ ဒီနေရာကို ပြန်လာရတာကို ကျွန်တော်စိတ်ထဲမှာ ပျော်ရွှင်မိပေမယ့်လည်း ကွင်းအတွင်းမှာတော့ ကျွန်တော်တို့ဟာ ပြိုင်ဘက်တွေအဖြစ်နဲ့ပဲ ယှဉ်ပြိုင်ရမှာပါ” လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။ ဆိုစီဒက်နဲ့ ယူနိုက်တက်အသင်းတို့ဟာ လာမယ့်(၁၉)ရက်နေ့ မြန်မာစံတော်ချိန် ည(၁၂)နာရီခွဲအချိန် စပိန်မြေမှာ စတင်ယှဉ်ပြိုင်ကြမှာဖြစ်ပြီး မန်ချက်စတာမှာ ကျင်းပမယ့် ဒုတိယအကျော့ကိုတော့ (၂၆)ရက်နေ့ ည(၂)နာရီခွဲမှာ ကျင်းပမှာဖြစ်ပါတယ်။