ပရီးမီးယားလိဂ် ကစားသမားဟောင်းကြီး တစ်ဦးဖြစ်သူ အီမန်နူရယ် အဒီဘာယောက နာပိုလီအသင်းရဲ့ နိုင်ဂျီးရီးယား တိုက်စစ်မှူး ဗစ်တာ အိုဆင်မန်အနေနဲ့ လက်ရှိအချိန်မှာ ပရီးမီးယားလိဂ်ပြိုင်ပွဲဆီ ပြောင်းရွှေ့ကစားဖို့ အချိန်တန်ပြီလို့ တိုက်တွန်း ပြောဆိုလိုက်ပါတယ်။

အသက် (၂၅)နှစ်အရွယ် နိုင်ဂျီးရီးယား လက်ရွေးစင် တိုက်စစ်မှူး အိုဆင်မန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ သူရဲ့ အကောင်းဆုံး စွမ်းဆောင်ရည်တွေကို ပြသခဲ့ရင်း နာပိုလီကို စီးရီးအေ ချန်ပီယံဆု ရယူပေးနိုင်ခဲ့သလို သူကိုယ်တိုင်ကလည်း စီးရီးအေရဲ့ ဂိုးသွင်းအများဆုံးဆု နဲ့ အကောင်းဆုံး ကစားသမားဆုတွေကို ပိုင်ဆိုင်ခဲ့ပါတယ်။

Photo Credit : A Stamford Bridge Too Far

ဒီလို ခြေစွမ်းကောင်းတွေကြောင့် အိုဆင်မန်ကို ဥရောပ ထိပ်သီးကလပ်အသင်းတွေအပြင် အာဆင်နယ် ချယ်လ်ဆီး မန်ယူနိုက်တက်တို့လို ပရီးမီးယားလိဂ်က ကလပ်အသင်းတွေပါ အပြိုင် စိတ်ဝင်စားလာခဲ့ပြီး ခေါ်ယူဖို့ ကြိုးပမ်းမှုတွေလည်း လုပ်ဆောင်လာကြပါတယ်။

ဒီအခြေအနေတွေနဲ့ ပတ်သက်ပြီး အဒီဘာယောက “ဗစ်တာမှာက မှန်ကန်တဲ့ သဘောထား ၊ စိတ်ဓါတ် နဲ့ အင်္ဂလန်လို နေရာမျိုးမှာ ပိုကောင်းမွန်အောင် ဆုံးဖြတ်ချက်မျိုးတွေ ရှိနေပါတယ်။ သူ ပရီးမီးယားလိဂ်ကို ပြောင်းရွှေ့ဖို့နဲ့ သူ စွမ်းဆောင်နိုင်တာတွေကို ပြသဖို့ ကျွန်တော် ဆန္ဒပြုပါတယ်။ ပရီးမီးယားလိဂ်ဆိုတာကလည်း အခက်ခဲဆုံးနဲ့ အကောင်းဆုံးလိဂ်တစ်ခုပါပဲ။”

Photo Credit : Goal

“သူက အီတလီမြေမှာ သူက ဘယ်လို ကစားသမားလဲဆိုတာ ပြသထားနိုင်ခဲ့ပြီးသားပါ။ နောက်ပြီး အခု သူ အင်္ဂလန်ကို ပြောင်းရွှေ့ကစားဖို့ အချိန်တန်ပြီလို့ ကျွန်တော် ထင်ပါတယ်။ အဲ့ဒီကို သွားပြီး သူ့ Idol ကြီး ဒရော့ဘာရဲ့ နေရာ အစားထိုးပြီး ကောင်းမွန်တဲ့ အရာတွေကို လုပ်ဆောင်ဖို့ လိုပါပြီ။”

“ဒရော့ဘာ့လို အင်္ဂလန်မှာ ကောင်းမွန်တဲ့ အခန်းကဏ္ဍကြီးတစ်ခုကို ရေးထိုးနိုင်ဖို့နဲ့ နာမည်ကောင်းတစ်ခု ရရှိဖို့အတွက် သူ့မှာ အကုန် လုပ်ဆောင်နိုင်စွမ်းတွေ ရှိနေပါတယ်။” လို့ မှတ်ချက်ပြု ပြောဆိုသွားခဲ့ပါတယ်။ လတ်တလောမှာတော့ အိုဆင်မန်က ဒရော့ဘာရဲ့ အသင်းဟောင်းဖြစ်တဲ့ ချယ်လ်ဆီးအသင်းနဲ့ အပြောင်းအရွှေ့သတင်းတွေ ထွက်ပေါ်လျက် ရှိနေပါတယ်။