ပြီးခဲ့တဲ့ဘောလုံးရာသီအတွင်းမှာ ဝုလ်ဗ်အသင်းအတွက် အကောင်းဆုံးစွမ်းဆောင်ရည်တွေ ပြသနိုင်ခဲ့တာကြောင့် စပိန်လက်ရွေးစင်အသင်းအတွက်ပါ ရွေးချယ်ခံလိုက်ရတဲ့ တောင်ပံတိုက်စစ်ကစားသမား အဒမ်မာထရာအိုရေးကို သူရဲ့အသင်းဟောင်းဖြစ်ခဲ့တဲ့ ဘာစီလိုနာအသင်းနဲ့ လီဗာပူးလ်အသင်းတို့ကနေ အရခေါ်ယူသွားဖို့အတွက် အပြိုင်စိတ်ဝင်စားနေကြပေမယ့်လည်း ထရာအိုရေးကိုယ်တိုင်က ဝုလ်ဗ်မှာ ပျော်ရွှင်လျက်ရှိနေတာကြောင့် အသင်းပြောင်းဖို့ထက် အသင်းနဲ့ပဲ စာချုပ်သစ်ချုပ်ဆိုဖို့ကိုပဲ စိတ်အားထက်သန်နေတယ်လို့ သိရပါတယ်။

Photo Credit : Daily Mail

အသက်(၂၄)နှစ်အရွှယ်ရှိ စပိန်လက်ရွေးစင်တောင်ပံတိုက်စစ်ကစားသမား ထရာအိုရေးဟာ ဝုလ်ဗ်အသင်းမှာ အကောင်းဆုံးခြေစွမ်းပြနိုင်သူဖြစ်ပြီး လျင်မြန်ဖြတ်လတ်လွန်းတဲ့ ပြေးအားတွေ တိုးအားတွေနဲ့အတူ တောင်ပံကနေ တိကျသေချာတဲ့ ဖြတ်တင်ဘောတွေကိုလည်း လုပ်ဆောင်နိုင်သူဖြစ်ပါတယ်။ ဒီလိုစွမ်းဆောင်ရည်ကောင်းတွေ ပြသထားနိုင်တဲ့ ထရာအိုရေးကို ဘာစီလိုနာနဲ့ လီဗာပူးလ်တို့ကနေ အပြိုင်ပစ်မှတ်ထားနေကြပြီး ချဉ်းကပ်မှုတွေလည်း လုပ်ဆောင်ခဲ့ပေမယ့် ထရာအိုရေးကတော့ ဝုလ်ဗ်အသင်းမှာပဲ ဆက်လက်ရှိနေဖို့ကိုသာ ရွေးချယ်ဖွယ်ရှိနေပါတယ်။

Photo Credit : Daily Mail

ထရာအိုရေးဟာ ပြီးခဲ့တဲ့ ၂၀၁၈ခုနှစ်ကမှ မစ်ဒယ်ဘရော့အသင်းကနေ ဝုလ်ဗ်အသင်းဆီကို ပြောင်းရွှေ့ကြေး ပေါင်သန်း(၂၀) (အဲ့ဒီအချိန်တုန်းက ဒီပြောင်းရွှေ့ကြေးဟာ ဝုလ်ဗ်အသင်းရဲ့ စံချိန်တင်ပြောင်းရွှေ့ကြေးဖြစ်ခဲ့ပါတယ်) (၅)နှစ်စာချုပ်နဲ့ ပြောင်းရွှေ့ရောက်ရှိလာခဲ့တာဖြစ်ပြီး လက်ရှိမှာ သူရဲ့စာချုပ်သက်တမ်းက (၃)နှစ်သာ ကျန်ရှိတော့တာဖြစ်ပြီး အသင်းကြီးတွေကလည်း စိတ်ဝင်စားနေကြတာဖြစ်လို့ သူ့ကို တစ်ပတ်လုပ်ခ ပေါင်(၁)သိန်းထိ တိုးမြှင့်ပေးချေကာ စာချုပ်သစ်ချုပ်ဆိုသွားဖို့ ဝုလ်ဗ်အသင်းဘက်ကနေ စီစဉ်လာခဲ့ပါတယ်။ လက်ရှိ ဝုလ်ဗ်အသင်းမှာ တစ်ပတ်လုပ်ခလစာကို သိန်းဂဏန်းထိ ရရှိနေတဲ့ ကစားသမားက (၃)ယောက်သာရှိနေပြီး ဒီကစားသမားတွေက ဂိုးသမားပက်ထရစ်စီယို ကွင်းလယ်လူမော်တင်ဟိုနဲ့ တိုက်စစ်မှူးရာအူးယီမီနက်ဇ်တို့ဖြစ်ပါတယ်။ ဒါကြောင့် တကယ်လို့ ထရာအိုရေးကပါ တစ်ပတ်ပေါင်(၁)သိန်းနဲ့ သက်တမ်းတိုးဖို့ လက်ခံခဲ့မယ်ဆိုရင် ထရာအိုရေးလည်း တစ်ပတ်ကို ပေါင်သိန်းကျော်ရမယ့် (၄)ယောက်မြောက် ဝုလ်ဗ်ကစားသမား ဖြစ်လာရတော့မှာဖြစ်ပါတယ်။ ထရာအိုရေးကလည်း ဝုလ်ဗ်အသင်းနဲ့ စာချုပ်သစ်ချုပ်ဆိုသွားဖို့ ဆန္ဒရှိလို့နေပြီး ဒီရာသီမှာလည်း အသင်းအတွက် ပြိုင်ပွဲစုံ(၅)ပွဲအထိ ပါဝင်ကစားပေးထားနိုင်ခဲ့ပါတယ်။