ဝုဗ်လ်အသင်း တောင်ပံ ကစားသမား ထရာအိုရေးကတော့ ဘောလုံး ကစားသမား မဖြစ်လာခင် ကလေးဘဝမှာ လူဆိုးဂိုဏ်းက သူတို့ရဲ့ အဖွဲ့ထဲကို ဝင်ဖို့ ကမ်းလှမ်းခဲ့ဖူးတယ်လို့ ပြောခဲ့ပါတယ်။ ထရာအိုရေးဟာ စပိန်နိုင်ငံ ဘာစီလိုနာမြို့မှာ မွေးပြီး သူတို့ နေတဲ့ နေရာက နေရာရွေ့ပြောင်း လာကြတဲ့ သူတွေ နေရတဲ့ နေရာ ဖြစ်တာကြောင့် လူဆိုးလူမိုက်တွေနဲ့ ပြည့်တဲ့ နေရာပဲ ဖြစ်ပါတယ်။ ထရာအိုရေးဟာ လူဆိုးဂိုဏ်းကို ပယ်ပြီး ဘောလုံးကို ရွေးချယ်ခဲ့တာကြောင့် လွန်ခဲ့တဲ့ (၂၀၁၃-၁၄) ခုနှစ်က စပြီး ဘာစီလိုနာ (ဘီ) အသင်းမှာ စတင် ပါဝင်ကစားနိုင်ခဲ့ပြီပဲ ဖြစ်ပါတယ်။

Photo Credit: Goal

ထရာအိုရေးဟာ ဘာစီလိုနာ (ဘီ) အသင်းကနေ ဘာစီလိုနာ ပထမအသင်းကို တက်ရောက်ကစားနိုင်ခဲ့ပြီး (၂၀၁၅) ခုနှစ်မှာ ပရီးမီးယားလိဂ် အက်စတွန်ဗီလာကို ရောက်ရှိလာခဲ့ပါတယ်။ သူဟာ အက်စတွန်ဗီလာအသင်းကနေ မစ်ဒယ်ဘရော့အသင်းကို အသင်းပြောင်းခဲ့ပေမဲ့လည်း မစ်ဒစ်ဘရော့အသင်း တန်းဆင်းရတာကြောင့် ဝုဗ်လ်အသင်းကို ပြောင်းသွားခဲ့တာ ဖြစ်ပါတယ်။ ထရာအိုရေးဟာ လက်ရှိမှာ ဝုဗ်လ်အသင်းအတွက် ဒုတိယမြောက် ရာသီကို ကစားလျက်ရှိပြီး သူက ဘောလုံး ပြိုင်ပွဲသာ မရှိခဲ့ရင် လူဆိုးလူမိုက် ဖြစ်နေပြီလို့ အခိုင်အမာ ပြောသွားပါတယ်။

Photo Credit: Goal

ထရာအိုရေးဟာ လူဆိုးဂိုဏ်းက သူတို့ရဲ့ အဖွဲ့ထဲကို ဝင်ဖို့ ကမ်းလှမ်းခဲ့ဖူးသလားလို့ အမေးခံရတဲ့ အချိန်မှာ သူက “ကမ်းလှမ်းခဲ့ဖူးပါတယ်။ အကြိမ် အများကြီးပါပဲ။ ကျွန်တော်ရယ်၊ ကျွန်တော့် အစ်ကိုယ်ရယ်၊ ကျွန်တော့်သူငယ်ချင်းတွေရယ် လူတိုင်း ကမ်းလှမ်းခံခဲ့ရပါတယ်။ အဲဒီတုန်းက လူဆိုးဂိုဏ်းအဖဲ့ွဝင် ဖြစ်ရတာက ထင်ပေါ်ကျော်ကြားစေတယ်။ ဒါပေမဲ့ ကျွန်တော်တို့မှာတော့ ခြားနားတဲ့ စိတ်ထားရှိခဲ့ပါတယ်။ ကျွန်တော်တို့က ဘောလုံးသမားတွေပဲ ဖြစ်ချင်ခဲ့ကြပါတယ်။ လူဆိုးဂိုဏ်းအဖွဲ့ဝင် မဖြစ်ချင်ခဲ့ကြပါဘူး။ သူတို့တွေက နေ့တိုင်း ရန်ဖြစ်ကြပြီး ကျွန်တော်တို့က ရန်မဖြစ်ချင်ခဲ့ကြဘူး။ ဒါပေမဲ့ ဘယ်လိုဖြစ်ဖြစ် ကျွန်တော်လည်း အခု တိုက်ပွဲဝင်နေရတာပါပဲ။ ကျောင်းမှာ ကျွန်တော် ဝင်ချင်တဲ့ လူဆိုးဂိုဏ်း ရှိခဲ့ဖူးပါတယ်”လို့ ရင်ဖွင့်ပြောကြားခဲ့ပါတယ်။