ပရီးမီးယားလိဂ်ရဲ့ အင်အားကြီးကလပ် လီဗာပူးအသင်းနဲ့ စကော့တလန်လိဂ်ရဲ့ အင်အားကြီးကလပ် ရိန်းဂျားအသင်းတို့ရဲ့ ကွင်းလယ်လူဟောင်း ချာလီအဒမ် ကတော့ နည်းပြဖြစ်သူ စတီဗင် ဂျာရတ်ကို ဗီလာအသင်းထံ လက်လွှတ်ခဲ့ရပြီးနောက် နည်းပြသစ် တဦးကို ရှာဖွေနေတဲ့ သူ့ရဲ့ အသင်းဟောင်း ရိန်းဂျားအသင်းဟာ မန်ချက်စတာ ယူနိုက်တက် အသင်းမှာ နည်းပြအဖွဲ့ဝင် အဖြစ် လုပ်ကိုင်နေတဲ့ အင်္ဂလန် ကွင်းလယ်လူဟောင်း မိုက်ကယ် ကာရစ်ကို နည်းပြသစ် အဖြစ် ခန့်အပ်သင့်ကြောင်း အကြံပေးသွားခဲ့ပါတယ်။

ရိန်းဂျားအသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရှုံးပွဲမရှိ စံချိန်နဲ့ ပြည်တွင်းလိဂ်မှာ ချန်ပီယံ ဖြစ်အောင် ဦးဆောင်ပေးနိုင်ခဲ့တဲ့ အသင်းရဲ့နည်းပြ စတီဗင် ဂျာရတ်ကို ဆုံးရှုံးရပြီးနောက် နည်းပြသစ် ခန့်အပ်ရာမှာ အသင်းကို ဆုဖလား အောင်မြင်မှုတွေ ရရှိအောင် ဦးဆောင်ပေးနိုင်မယ့် နည်းပြတဦးကို ရွေးချယ်ဖို့ စီစဉ်နေပြီး မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ ဂန္တဝင် ကွင်းလယ်လူ တဦး ဖြစ်သလို လက်ရှိမှာ မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ နည်းပြအဖွဲ့ထဲမှာ အရေးပါတဲ့ နေရာတခု ရရှိထားတဲ့ ကာရစ်က ရိန်းဂျားအသင်းရဲ့ ပစ်မှတ် နည်းပြစာရင်းထဲမှာ ပါဝင်နေပါတယ်။

Photo Credit: Metro

အသက် ၄၀အရွယ် အင်္ဂလန် ကွင်းလယ်လူဟောင်း မိုက်ကယ် ကာရစ်ဟာ အနာဂတ်မှာ ထိပ်တန်း နည်းပြတဦး ဖြစ်လာနိုင်ချေ ရှိသူ အဖြစ် သတ်မှတ်ခံထားရတဲ့ နည်းပြတဦး ဖြစ်ပြီး သူ့ရဲ့ ကစားသမားတွေကို နည်းစနစ်ပိုင်းဆိုင်ရာ ညွှန်ကြားမှုနဲ့ ပွဲတွင်းမှာ နည်းစနစ်ပိုင်း အပြောင်းအလဲ ပြုလုပ်နိုင်တဲ့ စွမ်းရည်တွေကြောင့် ရိန်းဂျားအသင်းက သူ့ကို ခေါ်ယူဖို့ မျက်စိကျနေတာပါ။

ဒါပေမယ့် ကာရစ်ဟာ ရိန်းဂျားအသင်းရဲ့ နံပါတ်တစ် ပစ်မှတ် မဟုတ်ပဲ ရိန်းဂျားအသင်းက သူတို့အသင်းရဲ့ ပစ်မှတ် နည်းပြတွေကို ခေါ်ယူနိုင်ခြင်း မရှိမှသာ ကာရစ်ကို ခေါ်ယူဖို့ ကြိုးစားဖွယ် ရှိကြောင်း စကော့တလန် အခြေစိုက် သတင်းဌာနတွေက ဆိုပါတယ်။

Photo Credit: Metro

ကစားသမားဘဝမှာ ကာရစ်နဲ့ ပြိုင်ဘက် အဖြစ် ရင်ဆိုင် ကစားဖူးသလို ရိန်းဂျားအသင်းရဲ့ ကစားသမားဟောင်းလည်း ဖြစ်တဲ့ ချာလီအဒမ် ကတော့ သူ့ရဲ့ အသင်းဟောင်းဟာ ကာရစ်လို အရည်အသွေး ရှိတဲ့ နည်းပြတဦးကို ဂျာရတ်ရဲ့နေရာ အတွက် ဆက်ခံသူ အဖြစ် ရွေးချယ်သင့်ကြောင်း တိုက်တွန်းခဲ့ပါတယ်။

ချာလီအဒမ်က – “တကယ်လို့ ကျွန်တော်ကသာ ရိန်းဂျားအသင်း အတွက် သင့်တော်မယ့် နည်းပြတဦးကို ရွေးပေးရမယ် ဆိုရင် မိုက်ကယ် ကာရစ်ကို ရွေးချယ်ချင်ပါတယ်။ သူက မန်ချက်စတာ ယူနိုက်တက်လို အသင်းကြီး တသင်းကို ကိုင်တွယ်နေရတဲ့ နည်းပြတွေထဲက တဦးပါ။ ပြီးတော့ အရည်အချင်းကောင်းတွေလည်း ပိုင်ဆိုင်ထားပါတယ်။ ဒါကြောင့် သူ့ကို စတိဗ်(ဂျာရတ်)ရဲ့ နေရာ အတွက် ခန့်အပ်လိုက်မယ် ဆိုရင် ဒါက အလောင်းအစား ဆန်ပေမယ့် တကယ် ကောင်းတဲ့ အလောင်းအစား တခုလို့ပဲ မြင်ပါတယ်” လို့ အကြံပေး တိုက်တွန်းသွားခဲ့တာပါ။