MySport Myanmar

ရာမို့စ်ကို စပိန် ကစားသမားစာရင်းကနေ ချန်လှပ်ခဲ့ခြင်းအပေါ် ဟာခီမီ မကျေမနပ် ဖြစ်နေ

၂၀၂၂ကာတာကမ္ဘာ့ဖလားပြိုင်ပွဲကြီးအတွက် စပိန်လက်ရွေးစင်အသင်းနည်းပြ လူးဝစ်ဟင်းနရစ်က အပြီးသတ် ကစားသမားစာရင်းကို ရွေးချယ် ထုတ်ပြန်လာခဲ့ရာ ခံစစ်ပိုင်းအတွင်း ဝါရင့်ခံစစ်မှူးတစ်ဦးဖြစ်တဲ့ ဆာဂျီယိုရာမို့စ် ပါဝင်လာခြင်း မရှိတဲ့အပေါ် ပရိသတ်များစွာ ဝေဖန်ခဲ့ကြသလို ရာမို့စ်ရဲ့ ပီအက်စ်ဂျီအသင်းဖော် ဟာခီမီကလည်း ဒီကိစ္စအပေါ် မကျေနပ်ကြောင်း ထုတ်ဖော်သွားခဲ့ပါတယ်။

Photo Credit : Daily Mail

ရီးယဲလ်မက်ဒရစ်အသင်းမှာ နှစ်ပေါင်းများစွာ ပါဝင်ကစားခဲ့ရင်း အောင်မြင်မှုတွေများစွာ ပိုင်ဆိုင်နိုင်ခဲ့သလို ကိုယ်တိုင်လည်း ကမ္ဘာ့အကောင်းဆုံး ခံစစ်မှူးတစ်ဦးအဖြစ် ရပ်တည်နိုင်ခဲ့တဲ့ ရာမို့စ်ဟာ ဒီနောက်ပိုင်းနှစ်တွေမှာ ဒဏ်ရာပြသာနာတွေနဲ့ ရင်ဆိုင်ခဲ့ရပေမယ့်လည်း သူရဲ့ မာကြောတဲ့ စိတ်အခြေအနေကြောင့် အသက်(၃၆)နှစ်အရွယ်ထိ ခြေစွမ်းပိုင်း မကျဆင်းသွားအောင် ထိန်းထားနိုင်သလို လက်ရှိကလပ် ပီအက်စ်ဂျီမှာလည်း ဒီရာသီအတွင်း (၉)ပွဲအထိ ပွဲချိန်ပြည့် ကစားထားနိုင်ခဲ့ပါတယ်။ ဒီလို အခြေအနေမျိုးထိ စွမ်းဆောင်နိုင်ခဲ့ပေမယ့်လည်း ကမ္ဘာ့ဖလားအတွက် ထုတ်ပြန်လာတဲ့ စပိန်ကစားသမားစာရင်းမှာတော့ ရာမို့စ်က အံ့အားသင့်စွာနဲ့ ချန်လှပ်ခံခဲ့ရပါတယ်။

Photo Credit : IMAGO

လက်ရှိမှာ အသက်(၃၆)နှစ်အရွယ်ရှိပြီဖြစ်တဲ့ ရာမို့စ်က ၂၀၀၅ခုနှစ်ကတည်းက စပိန်လက်ရွေးစင်အသင်းအတွက် ပွဲပေါင်း(၁၈၀)အထိ ပါဝင်ထားနိုင်ခဲ့ပြီး စပိန်အသင်းရဲ့ အမြဲတမ်း ပွဲအများဆုံး ကစားထားနိုင်သူအဖြစ်ပါ သတ်မှတ်ခံထားရပေမယ့်လည်း ခုလို ခြေစွမ်းကောင်းမျိုး ပိုင်ဆိုင်နေစဉ်အတွင်း အသင်းရဲ့ world cup squad မှာ မပါဝင်လာနိုင်ခြင်းက အံ့အားသင့်စရာ ဖြစ်ခဲ့ရပါတယ်။ ဒါကြောင့် စပိန်ပရိသတ်တွေအပြင် ဘောလုံးပရိသတ်တွေများစွာက စပိန်နည်းပြ ဟင်းနရစ်ကို ဝေဖန်ပြစ်တင်မှုတွေ လုပ်ဆောင်လာခဲ့ပြီး ဘာစီလိုနာနည်းပြဟောင်း ဖြစ်ခဲ့ဖူးတဲ့ ဟင်းနရစ်က သူရဲ့ ပုဂ္ဂိုလ်ရေးဆိုင်ရာတွေကြောင့် ရီးယဲလ်အသင်းခေါင်းဆောင်ဟောင်း ဖြစ်ခဲ့သူ ရာမို့စ်ကို စပိန်လူစာရင်းကနေ ချန်လှပ်နေတာလို့ပါ အများက ယူဆလာခဲ့ကြပါတယ်။ ဒီလို အပြီးသတ် ကစားသမားစာရင်းကနေ ရာမို့စ် ချန်လှပ်ခံရတဲ့အပေါ် ရာမို့စ်ရဲ့ ကလပ်အသင်းဖော် ဟာခီမီက စပိန်နည်းပြ ဟင်းနရစ်ကို ဝေဖန်လိုက်ပြီး သူ့အသင်းဖော် ရာမို့စ်က “ကမ္ဘာ့အကောင်းဆုံး နောက်ခံကစားသမား”လို့ သူရဲ့ ဆိုရှယ်မီဒီယာပေါ်ကနေ ရေးသား ဖော်ပြလိုက်ပါတယ်။ ရာမို့စ်ဟာ ဒီရာသီမှာ ပီအက်စ်ဂျီအသင်းအတွက် ပြိုင်ပွဲစုံ ပွဲပေါင်း (၁၉)ပွဲ ကစားထားနိုင်ပြီး စုစုပေါင်း မိနစ် (၁၅၆၆)မိနစ်အထိ ကစားပေးထားနိုင်ခဲ့ပါတယ်။

Exit mobile version