MySport Myanmar

အသင်းအတွင်း လက်ရှိ အခြေအနေတွေကြောင့် ပီအက်စ်ဂျီနဲ့ လမ်းခွဲနိုင်ဖွယ် ရှိနေတဲ့ ဟာခီမီ

ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့စျေးကွက်ကမှ ပီအက်စ်ဂျီအသင်းဆီကို ပြောင်းရွှေ့ရောက်ရှိလာခဲ့တဲ့ မော်ရိုကို ညာနောက်ခံကစားသမား ဟာခီမီဟာ လက်ရှိ အသင်းအတွင်း တောင်အမေရိကတိုက် ကစားသမားတွေနဲ့ ပြင်သစ်စကားပြောတဲ့ ကစားသမားတွေကြားမှာ အဖွဲ့နှစ်ဖွဲ့ ကွဲနေပြီး နှစ်ဖွဲ့ကြားမှာလည်း တင်းမာမှုတွေပါ ရှိနေတဲ့ ဒီအခြေအနေတွေကို စိတ်ပျက်လာခဲ့တဲ့အတွက် အသင်းနဲ့ လက်တွဲဖြုတ်ဖို့အထိပါ စဉ်းစားနေပြီလို့ သတင်းတွေ ထွက်လာခဲ့ပါတယ်။

Photo Credit : Football 365

အသက်(၂၃)နှစ်အရွှယ် မော်ရိုကိုလက်ရွေးစင် နောက်ခံအစွန်လူ ဟာခီမီဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီကမှ အင်တာမီလန်အသင်းနဲ့ အီတလီ စီးရီးအေချန်ပီယံဆုကို ဆွတ်ခူးခဲ့ပြီး နွေစျေးကွက်မှာပဲ ပီအက်စ်ဂျီအသင်းဆီကို ယူရိုသန်း(၆၀)နဲ့ ပြောင်းရွှေ့ရောက်ရှိခဲ့ပါတယ်။ ဟာခီမီဟာ ဘောလုံးလောကရဲ့ ထိပ်သီး ကစားသမားတွေဖြစ်တဲ့ မက်ဆီ ရာမို့စ် ဒွန်နာရမ်မာ ဝိုင်နယ်လ်ဒမ်းစ်တို့နဲ့အတူ ပီအက်စ်ဂျီအသင်းကို ရောက်ရှိလာခဲ့ပြီး ပီအက်စ်ဂျီရဲ့ ရှိရင်းစွဲ ထိပ်တန်းကစားသမားတွေဖြစ်တဲ့ နေမာ ဘာပေတို့နဲ့ ပူးပေါင်းပြီး အတောင့်တင့်ဆုံး ကစားသမား အစုအဖွဲ့နဲ့ အသင်းအတွက် အောင်မြင်မှုတွေကို ရယူပေးဖို့ ဦးတည်ထားခဲ့ပေမယ့်လည်း လက်ရှိမှာ အသင်းအတွက် ဆုဖလား မျှော်လင့်ချက်ဆိုလို့ ပြင်သစ်လီဂူး အမှတ်ပေးချန်ပီယံဆုသာ ရှိလို့နေပါတော့တယ်။

Photo Credit : Football Espana

ဟာခီမီရဲ့အသင်းဟောင်းဖြစ်တဲ့ ရီးယဲလ်မက်ဒရစ်ကို အရေးနိမ့်ပြီး ချန်ပီယံလိဂ်ပြိုင်ပွဲကနေ ရှုံးထွက် (၁၆)သင်းအဆင့်နဲ့ ထွက်ခွာထားခဲ့ရသလို ပြင်သစ်ဖလား ပြိုင်ပွဲမှာလည်း ပြိုင်ပွဲကနေ ထွက်ခွာထားခဲ့ရတဲ့ ပီအက်စ်ဂျီအသင်းဟာ ဒီနှစ်ဘောလုံးရာသီမှာ အမှတ်ပေးဆုဖလားကိုသာ မျှော်လင့်ခွင့် ရှိနေတော့တဲ့အပြင် လက်ရှိ အသင်းမှာကလည်း ရှုံးပွဲတွေ ဆက်တိုက်ကြုံတွေ့နေရချိန် အသင်းသားတွေကြား အဆင်မပြေမှုတွေ အဖွဲ့နှစ်ဖွဲ့ကွဲပြီး တင်းမာမှုတွေ ရှိနေတဲ့အပေါ် ဟာခီမီဘက်က စိ်တ်ပျက်လာခဲ့တာ ဖြစ်ပါတယ်။ ဟာခီမီဟာ သူရဲ့ကလပ်အသင်းဟောင်းတွေဖြစ်တဲ့ အင်တာမီလန် ဒေါ့မွန်အသင်းတွေမှာ အဝတ်လဲခန်းအတွင်း စည်းလုံးမှုကောင်းကောင်းနဲ့ ဖြတ်သန်းခဲ့ရတာဖြစ်လို့ အခုလို ပီအက်စ်ဂျီအသင်းရဲ့ အခြေအနေတွေအပေါ် မပျော်ပိုက်တော့တာ ဖြစ်ပါတယ်။ ဒီအခြေအနေတွေကြောင့် ဟာခီမီဟာ ပီအက်စ်ဂျီအသင်းနဲ့ တစ်ရာသီသာ ဖြတ်သန်းပြီး အသင်းနဲ့ ပြန်လည်လက်တွဲဖြုတ်ဖို့ စဉ်းစားလာခဲ့တာ ဖြစ်ပါတယ်။ ဒီလို အနေအထားတွေ ရှိနေတဲ့အပြင် ဟာခီမီဟာ သူရဲ့အသင်းဖော်တွေ အားလုံးထဲကမှ မကြာခင် အသင်းနဲ့ လမ်းခွဲတော့မယ့် တိုက်စစ်ကစားသမား ကီလီယန်အမ်ဘာပေနဲ့ အလွန်ရင်းနှီးနေသူဖြစ်လို့ ဘာပေသာ အသင်းကနေ ထွက်ခွာသွားမယ့် ကိစ္စကပါ ဟာခီမီရဲ့ အနာဂတ် အခြေအနေကိုပါ သွားပြီးသက်ရောက်ဖွယ်လည်း ရှိလာနိုင်ပါတယ်။

Exit mobile version