MySport Myanmar

ရော်နယ်လ်ဒိုက ဂိုး(၁၀၀၀) မပြည့်ခင်မှာဘဲ အနားယူသွားရလိမ့်မယ်လို့ ဟားမန်း သုံးသပ်

လက်ရှိ ကမ္ဘာ့ဘောလုံးလောကရဲ့ ထိပ်တန်းအဆင့် အကောင်းဆုံး ကစားသမားတွေထဲမှာ အပါအဝင်ဖြစ်တဲ့ ခရစ္စတီယာနို ရော်နယ်လ်ဒိုဟာ သိပ်မကြာခင်မှာပဲ သူရဲ့ ဘောလုံးသမားဘဝကို အဆုံးသတ်ရဖို့ နီးစပ်နေပြီဖြစ်ပြီး သွင်းဂိုး (၁၀၀၀) ပြည့်မြောက်အောင်လည်း သွင်းယူနိုင်မှာ မဟုတ်ဘူးလို့ ဂျာမန်ဘောလုံးသမားဟောင်းကြီး ဟားမန်းက သုံးသပ်လိုက်ပါတယ်။

လာမယ့် ၂၀၂၅ခုနှစ် ဖေဖော်ဝါရီလမှာပဲ အသက် (၄၀) ပြည့်မြောက်တော့မယ့် ရော်နယ်လ်ဒိုဟာ လက်ရှိအချိန်ထိ အယ်လ်နာဆာအတွက်ရော ပေါ်တူဂီအတွက်ပါ အကောင်းဆုံး ကစားပေးထားနိုင်ခဲ့ပြီး ဘောလုံးသမားဘဝကနေ အနားယူသွားဖို့အတွက်လည်း အစီအစဉ် မရှိသေးဘဲ သူကစားနိုင်သလောက် ဆက်လက် ကစားသွားဖို့ ရှိနေပါတယ်။

Photo Credit : FourFourTwo

ဘာလွန်းဒေါဆု (၅)ကြိမ်ထိ ဆွတ်ခူးထားခဲ့ဖူးတဲ့ ရော်နယ်လ်ဒိုဟာ ဘောလုံးလောကမှာ ဂိုး(၉၀၀)အထိ သွင်းယူထားနိုင်တဲ့ ပထမဆုံး ကစားသမားလည်း ဖြစ်နေတဲ့အပြင် ကစားသမားဘဝက အနားမယူခင်မှာလည်း ဂိုး(၁၀၀၀)အထိ သွင်းယူနိုင်အောင် ရည်ရွယ်ထားနေသလို လာမယ့် ၂၀၂၆ ကမ္ဘာ့ဖလားပြိုင်ပွဲကြီးကိုပါ ပါဝင်ဆင်နွဲသွားဖို့ ဆန္ဒရှိနေပါတယ်။

ဒါပေမယ့် ဂျာမနီနဲ့ လီဗာပူးလ် ကစားသမားဟောင်းကြီး ဟားမန်းကတော့ ရော်နယ်လ်ဒိုနဲ့ ပတ်သက်ပြီး “ခရစ္စတီယာနို ရော်နယ်လ်ဒိုက သူရဲ့ ကစားသမားဘဝကို မကြာခင်မှာပဲ ကုန်ဆုံးတော့မှာ ဖြစ်တဲ့အတွက် စကော့တလန်နဲ့ပွဲမှာ သူလုပ်ခဲ့တဲ့ ပုံစံအတိုင်း လုပ်ခဲ့တာ ဖြစ်ကောင်းဖြစ်နိုင်ပါတယ်။ သူရဲ့ အတ္တက သူ့ကို ဒီနေ့အထိ ကစားနိုင်အောင် လုပ်ဆောင်နေတာပါ။”

Photo Credit : Mirror

“သူက ပေါ်တူဂီရဲ့ အကျိုးစီးပွားထက် သူ့အကျိုးစီးပွားကိုပဲ ပိုပြီး ဦးစားပေးနေတာ။ ရော်နယ်လ်ဒိုက နေးရှင်းစ်လိဂ်မှာ ဂိုးအနည်းငယ် သွင်းထားပေမယ့် သူက အသင်းကို ပိုကောင်းအောင် လုပ်ပေးနေသလားဆိုတာကတော့ မသေချာပါဘူး။ သူတို့အသင်းက ရော်နယ်လ်ဒို မပါဘဲနဲ့လည်း ပွဲတွေကို အနိုင်ယူနိုင်တဲ့ အရည်အချင်း ပြည့်မီတဲ့ အသင်းတစ်သင်းပါ။”

“ရော်နယ်လ်ဒိုက သူ့ကစားသမားဘဝမှာ သူ့ကိုယ်တိုင်အစား အသင်းကိုသာ ပိုပြီး ဦးစားပေးဖို့ လိုအပ်ပါတယ်။ နောက်ပြီး နည်းပြကလည်း အသင်းအတွက် ကစားသမား ရွေးချယ်မှုမှာပါ ခေါင်းစားစရာ ဖြစ်စေရပါတယ်။ ခရစ္စတီယာနိုအနေနဲ့ ကစားသမားဘဝမှာ ဂိုးပေါင်း (၁၀၀၀) ပြည့်သွားခဲ့မယ်ဆိုရင်တော့ ကျွန်တော် အံ့သြမိမှာ။ ဘာကြောင့်ဆိုတော့ သူဒီလောက်ကြာကြာ ဆက်ကစားနိုင်မယ် မထင်လို့ပါ။” လို့ သုံးသပ် ပြောဆိုလိုက်ပါတယ်။

Exit mobile version