အီတလီ စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်က သူတို့အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဂျရူး ၊ လီယာအို ၊ အိုကာဖော် စတဲ့ ကစားသမားတွေ ဒဏ်ရာရနေတာကြောင့် အသက် ၁၅နှစ် အရွယ်သာ ရှိသေးတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ကာမာဒါကို အသင်းကြီးရဲ့ လူစာရင်းထဲ ထည့်သွင်းကာ ပြိုင်ပွဲတွေမှာ ထုတ်သုံးဖို့ စီစဉ်နေကြောင်း ယုံကြည် စိတ်ချရတဲ့ သတင်းရင်းမြစ်တွေက အခိုင်အမာ ဖော်ပြလာကြပါတယ်။

အေစီမီလန်က တိုက်စစ်ပိုင်းမှာ ဂျရူး ၊ ယိုဗစ် ၊ ပူလီဆစ် ၊ ချူကွေဇီ ၊ လီယာအို ၊ အိုကာဖော် ၊ ရိုမဲရိုး ၊ ထရာအိုရေး စတဲ့ တိုက်စစ်မှူးတွေကို ပိုင်ဆိုင်ထားပေမယ့် ရိုမဲရိုးနဲ့ ထရာအိုရေးတို့က အားကိုးရတဲ့ အနေအထားမှာ မရှိသေးသလို ပူလီဆစ် ၊ ယိုဗစ်နဲ့ ချူကွေဇီတို့ကလည်း အထောင်တိုက်စစ်မှာ မကစားနိုင်ကြပါဘူး။

Photo Credit: Samper AC Milan

ဒါကြောင့်ပဲ အေစီမီလန်ရဲ့ တာဝန်ရှိသူတွေက လူငယ်အသင်းတွေမှာ ခြေစွမ်းပြနေတဲ့ လူငယ်ကြယ်ပွင့် တိုက်စစ်မှူး ကာမာဒါကို အသင်းကြီးမှာ အသုံးပြုဖို့ စဉ်းစားနေကြသလို ကာမာဒါကို အသင်းကြီးရဲ့ လူစာရင်းထဲ ထည့်သွင်းကာ စီနီယာ ကစားသမားတွေနဲ့ အတူတူ လေ့ကျင့်ခိုင်းထားပါတယ်။

ကာမာဒါက အသက် ၁၅နှစ် အရွယ်သာ ရှိသေးပေမယ့် အီတလီ ယူ-၁၇အသင်းရဲ့ အဓိက တိုက်စစ်မှူး အဖြစ် ခြေစွမ်းကောင်းတွေ ပြသထားသလို ယခုနှစ် ဘောလုံးရာသီ အစမှာလည်း အေစီမီလန်ရဲ့ ယူ-၁၉အသင်းဆီ ခေါ်ယူခြင်း ခံထားရသူ ဖြစ်ပါတယ်။

Photo Credit: Standard

ကာမာဒါက အီတလီရဲ့ ယူ-၁၅ ၊ ယူ-၁၆ ၊ ယူ-၁၇ စတဲ့ အသင်းတွေ အတွက် ပြိုင်ပွဲစုံမှာ ၂၂ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၁၃ဂိုး အထိ သွင်းယူထားနိုင်ပါတယ်။ ဒါ့အပြင် ကာမာဒါက ယခုနှစ်ရဲ့ လူငယ် ချန်ပီယံလိဂ်ပြိုင်ပွဲမှာလည်း နယူးကာဆယ် ၊ ပီအက်စ်ဂျီ စတဲ့ အသင်းတွေဘက်ကို သွင်းဂိုး ၃ဂိုး အထိ သွင်းယူထားနိုင်ပါသေးတယ်။

နာမည်ကြီး သတင်းထောက် ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ ဖော်ပြချက်အရ အေစီမီလန်ရဲ့ တာဝန်ရှိသူတွေက တိုက်စစ်မှူး လိုအပ်ချက်ကြောင့် ယခုတပတ်မှာ ကစားရမယ့် အေစီမီလန်နဲ့ ဖီအိုရင်တီးနား ပွဲစဉ်မှာ ကာမာဒါကို အသင်းရဲ့ လူစာရင်းထဲ ထည့်သွင်းဖို့ စဉ်းစားနေကြပြီး မကြာခင်မှာ ကာမာဒါဟာ အေစီမီလန် အတွက် ပွဲဦးထွက်ပွဲ စတင် ကစားရဖွယ် ရှိနေကြောင်း သိရပါတယ်။