အီတလီ စီးရီးအေ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အေစီမီလန်အသင်းဟာ အသင်းကနေ အလွတ် ပြောင်းရွှေ့ကြေးနဲ့ ထွက်ခွာသွားတဲ့ ကွင်းလယ်တိုက်စစ် ကစားသမား ကတ်ဟာနိုဂလူးရဲ့ နေရာ အတွက် ပရီးမီးယားလိဂ်ကလပ် ချယ်လ်ဆီးအသင်းရဲ့ ကွင်းလယ်လူ ဇီရက်ဇ်ကို ခေါ်ယူဖို့ မျက်စိကျနေကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေက ဖော်ပြသွားပါတယ်။

အေစီမီလန်အသင်းဟာ ဘဏ္ဍာရေး အကြပ်အတည်းနဲ့ ကြုံတွေ့နေရတဲ့ အသင်းတသင်း ဖြစ်တာကြောင့် ယခုနှစ် နွေဈေးကွက်အတွင်းမှာ ကစားသမား ခေါ်ယူမှုတွေ မပြုလုပ်နိုင်ပေမယ့် တတ်နိုင်သလောက် အသင်းကို အင်အားဖြည့်တင်းဖို့ ကြိုးစားနေတာပါ။

Photo Credit: Metro

လက်ရှိမှာ အေစီမီလန်အသင်းဟာ ချယ်လ်ဆီးအသင်းရဲ့ တိုက်စစ်မှူး ဂျရူးနဲ့ ရီးရဲလ်မက်ဒရစ် ကစားသမား ဒီယက်ဇ်တို့ကို ခေါ်ယူထားနိုင်သလို အသင်းရဲ့ တိုက်စစ်ပိုင်းမှာ နေရာစုံ ဆော့ကစားနိုင်တဲ့ တောင်ပံ ကစားသမား တဦးကို ခေါ်ယူဖို့ စဉ်းစားနေပြီး သူတို့ရဲ့ နံပါတ်တစ် ပစ်မှတ်ဟာ ချယ်လ်ဆီးအသင်းရဲ့ မော်ရိုကို ကွင်းလယ်လူ ဇီရက်ဇ်ပဲ ဖြစ်ပါတယ်။

အသက် ၂၈နှစ် အရွယ် ကွင်းလယ်လူ ဇီရက်ဇ်ဟာ ကွင်းလယ်တိုက်စစ်နဲ့ ဘယ်ညာတောင်ပံ နှစ်နေရာစလုံးမှာ ကစားနိုင်စွမ်း ရှိတဲ့ ကစားသမား တဦး ဖြစ်ပြီး ချယ်လ်ဆီးအသင်းထံ ပြီးခဲ့တဲ့ နွေရာသီ အပြောင်းအရွှေ့ကမှ ပြောင်းရွှေ့ကြေး ယူရို ၄၀သန်းနဲ့ ပြောင်းရွှေ့လာသူပါ။

Photo Credit: Metro

ဒါပေမယ့် ချယ်လ်ဆီးအသင်းဟာ ဒေါ့မွန်အသင်းရဲ့ တိုက်စစ်မှူး ဟာလန်းနဲ့ ဝက်စ်ဟမ်း ကွင်းလယ်လူ ဒီကလန်ရိုက်စ်တို့ကို မြင့်မားတဲ့ ပြောင်းရွှေ့ကြေးတွေနဲ့ ခေါ်ယူဖို့ စီစဉ်နေတာကြောင့် အသင်းရဲ့ ကစားသမား တချို့ကို ရောင်းထုတ်ဖို့ ပြင်ဆင်နေပြီး အဆိုပါ ကစားသမားတွေထဲမှာ ဇီရက်ဇ်ကလည်း ပါဝင်နေပါတယ်။

အီတလီ နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ Calcio Mercato သတင်းဌာနရဲ့ ဖော်ပြချက်အရ အေစီမီလန်အသင်းဟာ ဇီရက်ဇ်ကို ခေါ်ယူဖို့ မျက်စိကျနေသလို ဇီရက်ဇ်ကလည်း ပုံမှန် ပွဲထွက်ခွင့် ရရှိဖို့ အတွက် အေစီမီလန်အသင်းထံ ပြောင်းရွှေ့ချင်နေပြီး အေစီမီလန်အသင်းဟာ လာမယ့်ရက်ပိုင်းမှာပဲ ကနဦး အငှား + ရာသီကုန်မှာ အပြီးသတ် ခေါ်ယူခွင့် ဆိုတဲ့ ကမ်းလှမ်းမှုတရပ်ကို ပြုလုပ်တော့မယ်လို့ သိရပါတယ်။