ဒီကနေ့ရဲ့ညမှာတော့ ပရီးမီးယားလိဂ် လာလီဂါ စီးရီးအေပွဲစဉ်တွေကို ဆက်တိုက်ဆင်နွဲသွားဦးမှာဖြစ်ပြီး ဒီပွဲစဉ်တွေအားလုံးထဲကမှ အေစီမီလန်အသင်းနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ အီတလီစီးရီးအေပွဲစဉ်က ပိုပြီးစိတ်လှုပ်ရှားစရာအကောင်းဆုံးပွဲ ဖြစ်လာလိမ့်မယ်လို့ ထင်မိပါတယ်။ လတ်တလောမှာ အသင်း(၂)သင်းလုံးက ရလဒ်တွေ ကောင်းမွန်လျက်ရှိနေပြီး သိပ်မကြာသေးခင်ကလည်း ကိုပါအီတလီယာပြိုင်ပွဲမှာ ဆုံတွေ့ထားတဲ့ အသင်းတွေဖြစ်လို့ လုံးဝကို စိတ်ဝင်စားစရာအကောင်းဆုံး ဖြစ်နေမှာပါ။

Photo Credit : Getty Image

အေစီမီလန်အသင်းက ရိုးမားနဲ့လာဇီယိုတို့လို ရောမအသင်းတွေကို ဂိုးပြတ်အနိုင်ယူခဲ့သလို လာဇီယိုကို ဒီရာသီ စီးရီးအေမှာ အိမ်ကွင်းရှံးပွဲစတွေ့ခဲ့တဲ့အထိကို ခြေစွမ်းပိုင်း အရမ်းကောင်းမွန်နေတာပါ။ ဒါ့အပြင် မီလန်အသင်းက ပြန်လည်ကစားခဲ့ရတဲ့ စီးရီးအေပွဲစဉ်(၄)ပွဲအတွင်း (၃)ပွဲအထိ အနိုင်ယူထားခဲ့ကာ သရေပွဲ(၁)ပွဲပဲ ရှိနေသေးပြီး လုံးဝကို ရှံးပွဲမရှိသေးပါဘူး။ လာဇီယိုနဲ့ပွဲမှာလည်း ဝါရင့်တိုက်စစ်ကစားသမားကြီး မိုဗစ် ပြန်လည်ပါဝင်ကစားခဲ့သလို သွင်းဂိုးပါ ရယူထားနိုင်ခဲ့လို့ မီလန်တိုက်စစ်ကို ဂျုဗင်တပ်စ်ခံစစ်က ထိန်းချုပ်ရဖွယ် ရှိနေပါတယ်။

Photo Credit : Getty Image

ဂျုဗင်တပ်စ်အသင်းဟာလည်း စီးရီးအေပွဲစဉ်တွေ တောက်လျှောက်နိုင်နေသလို အောက်ကအသင်းတွေဖြစ်တဲ့ လာဇီယို အင်တာမီလန်တို့ကလည်း ရမှတ်တေ်ွ ဆက်တိုက်ကျဆင်းနေလို့ အခုဆိုရင် ဂျုဗင်တပ်စ်က ဒုတိယနေရာက လာဇီယိုကို (၇)မှတ်အထိတောင် ဖြတ်ထားနိုင်ခဲ့ပါတယ်။ ဒါပေမယ့် ဒီပွဲစဉ်မှာ ဒီဘားလား ဒီလစ်တို့ ပါဝင်ကစားနိုင်မှာမဟုတ်လို့ အသင်းက အားနည်းနိုင်သလို အဓိကတော့ နောက်ပိုင်းပွဲတွေမှာ အသင်းရဲ့သွင်းဂိုးတွေအတွက် အဓိကကျနေတဲ့ ဒီဘားလားသာ တကယ်မပါဝင်နိုင်ခဲ့ရင် ဂျုဗင်တပ်စ်တို့ ပိုပြီးအကျပ်ရိုက်စေနိုင်ပါတယ်။

Photo Credit : Getty Image

ဒီအသင်းနှစ်သင်းဟာ မကြာသေးခင်ကမှ ကိုပါအီတလီယာ ဆီမီးဖိုင်နယ်ပွဲစဉ်မှာ ဆုံတွေ့ထားခဲ့ဖူးပြီး အဲ့ဒီပွဲမှာလည်း မီလန်က ဂျုဗင်တပ်စ်ကို အခက်တွေ့အောင် ကစားနိုင်ခဲ့ပါတယ်။ မီလန်ကလည်း အခုပွဲမှာ ချာဟာနိုဂလူး ပါဝင်ကစားဖို့ မသေချာသေးတာကြောင့် တိုက်စစ်က အနည်းလေး အားလျော့နိုင်ပြီး ဂိုးတွေဆက်တိုက် ပိုင်ဆိုင်နေတဲ့ ရော်နယ်ဒိုကိုလည်း မီလန်ခံစစ်ပိုင်းကနေ သတိကြီးကြီးနဲ့ ထိန်းချုပ်ရပါလိမ့်မယ်။ ဒီပွဲက (၂)သင်းလုံးအတွက် မလွယ်ကူတဲ့ပွဲဖြစ်ပြီး သရေကို ဦးတည်နိုင်သလို အနိုင်ဆိုရင်တော့ ဧည့်သည်ဂျုဗင်တပ်စ်က ကပ်နိုင်ဖွယ်ရှိပါတယ်။