အီတလီ စီးရီးအေရဲ့ အင်အားကြီး အသင်းတစ်သင်း ဖြစ်တဲ့ အေစီမီလန် အသင်းဟာ ဩစတီးယား ကလပ် ဆဲလ်ဘက်အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဆာဘော့ဇလိုင်ရီကို ခေါ်ယူဖို့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ စတင် ကြိုးစားတော့မှာ ဖြစ်ကြောင်း အီတလီ အခြေစိုက် သတင်းဌာနတွေ က ဖော်ပြ သွားကြပါတယ်။ ဆဲလ်ဘက်အသင်းဟာ လီဗာပူးအသင်းရဲ့ ကစားသမားတွေ ဖြစ်တဲ့ မာနေး ၊ နာဘီကီတာ ၊ ဒေါ့မွန်အသင်းရဲ့ လူငယ် တိုက်စစ်မှူး ဟာလန်း ၊ လစ်ဇက်အသင်းရဲ့ လူငယ် ခံစစ်မှူး အူပါမီကာနို တို့ကို မွေးထုတ်ပေးနိုင်ခဲ့တဲ့ အသင်းတစ်သင်း ဖြစ်တာကြောင့် ဥရောပ အသင်းကြီး အများစုဟာ ယခုနောက်ပိုင်းမှာ ဆဲလ်ဘက်အသင်းရဲ့ ကစားသမားတွေကို စောင့်ကြည့် လာကြပါတယ်။

Photo Credit: Talksports

လက်ရှိမှာ‌ ဥရောပ အသင်းကြီး အများစုရဲ့ စောင့်ကြည့်မှုကို ခံနေရတဲ့ ဆဲလ်ဘက်ရဲ့ ကစားသမားတွေ ထဲမှာ ဆာဘော့ဇလိုင်ရီလည်း ပါဝင်နေပြီး အီတလီ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ အေစီမီလန် အသင်းဟာ အခြားသော ဥရောပ အသင်းတွေထက် လက်ဦးမှု ရယူကာ ဆာဘော့ဇလိုင်ရီကို ခေါ်ယူနိုင်ဖို့ လာမယ့် ဇန်နဝါရီ အပြောင်းအရွှေ့မှာ ဆာဘော့ဇလိုင်ရီ အတွက် တရားဝင် ကမ်းလှမ်းမှုကို ပြုလုပ်တော့မယ်လို့ သိရပါတယ်။ အသက် ၂၀အရွယ်သာ ရှိသေးတဲ့ ဟန်ဂေရီ ကွင်းလယ် ကစားသမား ဆာဘော့ဇလိုင်ရီဟာ လက်ရှိ ဘောလုံးရာသီ မှာ ဆဲလ်ဘက်အသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၂ပွဲအထိ ပါဝင် ကစားပေးထားပြီး သွင်းဂိုး ၅ဂိုး သွင်းယူထားနိုင်သလို ဂိုးဖန်တီးမှု ၈ကြိမ် အထိ ပြုလုပ်ထားနိုင်သူပါ။

Photo Credit: Talksports

ဒါ့ကြောင့်ပဲ အေစီမီလန် အသင်းဟာ ဆာဘော့ဇလိုင်ရီကို ခေါ်ယူဖို့ ချဉ်းကပ် လာတာဖြစ်ပြီး အေစီမီလန် အသင်းဟာ လက်ရှိ ဘောလုံးရာသီ အကုန်မှာ အသင်းရဲ့ ကွင်းလယ် တိုက်စစ် ကစားသမား ဖြစ်တဲ့ ကတ်ဟာနိုဂလူးကို လက်လွှတ်ရဖွယ် ရှိနေတာကြောင့် ကတ်ဟာနိုဂလူးရဲ့ အစားထိုးမှု အဖြစ် ဆာဘော့ဇလိုင်ရီကို ခေါ်ယူမှာလည်း ဖြစ်ပါတယ်။ အီတလီ နိုင်ငံ အခြေစိုက် သတင်းဌာန တစ်ခု ဖြစ်တဲ့ Calcio Mercato သတင်းဌာနရဲ့ ဖော်ပြချက် အရတော့ အေစီမီလန် အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ဆာဘော့ဇလိုင်ရီကို ပြောင်းရွှေ့ကြေး ယူရို ၂၅သန်းနဲ့ စတင် ကမ်းလှမ်းတော့မယ် လို့ သိရပါတယ်။ ဆာဘော့ဇလိုင်ရီ တစ်ယောက် အသွင်သစ်နဲ့ ခြေစွမ်း တိုးတက်လာတဲ့ အေစီမီလန် အသင်းထံ ရောက်ရှိလာမလား ဆိုတာကိုတော့ ဆက်လက် စောင့်ကြည့် သွားရမှာပါ။