အေစီမီလန်အသင်းရဲ့ ဝါရင့်တိုက်စစ်ကစားသမားကြီး ဇလာတန်အီဗရာဟီမိုဗစ်ကတော့ မနေ့ညက တစ်ဖက်ကို (၂)ဂိုးစီနဲ့ သရေကျခဲ့ရတဲ့ ဗီရိုနာအသင်းနဲ့ အီတလီစီးရီးအေပွဲစဉ်အတွင်းမှာ မီလန်အသင်းအတွက် ပင်နယ်တီကန်သွင်းခွင့်တစ်ကြိမ်ကို ရရှိခဲ့ပေမယ့်လည်း သူရဲ့ကန်သွင်းချက်က ဂိုးဘားတန်းပေါ်ကနေ ကျော်သွားခဲ့ရလို့ အသင်းအတွက် နစ်နာခဲ့ရပြီး မိုဗစ်ကိုယ်တိုင်ကလည်း ပင်နယ်တီလွဲချော်မှု အကြိမ်ရေတွေက များပြားလာခဲ့ရတာကြောင့် နောက်ထပ်ပင်နယ်တီကန်သွင်းမှုတွေမှာ သူ့အစား ကွင်းလယ်ကစားသမား ကတ်ဆေးကိုပဲ ပြောင်းလဲကန်သွင်းစေတာ ပိုသင့်လျော်လိမ့်မယ်လို့ ထုတ်ဖော်ပြောဆိုသွားခဲ့ပါတယ်။

Photo Credit : NowNews

မီလန်အသင်းဟာ မနေ့ညက ပွဲစဉ်အတွင်းမှာ ဧည့်သည်ဗီရိုနာကို ပွဲအစ မိနစ်(၂၀)လောက်ကတည်းက သွင်းဂိုး(၂)ဂိုး ခွင့်ပြုခဲ့ရတာဖြစ်ပြီး ပထမပိုင်း မပြီးဆုံးခင်မှာ Og ဂိုးတစ်ဂိုးနဲ့ ပြန်လည်ချေပနိုင်ခဲ့သလို ဒုတိယပိုင်းမှာလည်း ပင်နယ်တီကန်သွင်းမှု ရရှိခဲ့ကာ ဒုတိယမြောက် ချေပဂိုးကို ပိုင်ဆိုင်နိုင်ဖို့ အနီးစပ်ဆုံးဖြစ်ခဲ့ပေမယ့် မိုဗစ်ရဲ့ကန်သွင်းချက်က လွဲချော်သွားခဲ့ရပါတယ်။ မိုဗစ်ဟာ ဒီပွဲမတိုင်ခင် အင်တာနဲ့ကစားခဲ့တဲ့ မီလန်ဒါဘီပွဲစဉ်မှာရော စပါတာပရပ်ဂ်အသင်းနဲ့ ရင်ဆိုင်ခဲ့ရတဲ့ ယူရိုပါလိဂ်ပွဲစဉ်မှာပါ ပင်နယ်တီကန်သွင်းမှုတွေကို လွဲချော်ထားခဲ့ရပါတယ်။

Photo Credit : Goal

အဆိုပါပွဲစဉ်(၂)ပွဲက မီလန်အနိုင်ရခဲ့တဲ့ ပွဲစဉ်တွေဖြစ်လို့ မိုဗစ်ရဲ့ပင်နယ်တီလွဲချော်မှုက သိပ်ကြီးကြီးမားမား မဖြစ်ခဲ့ရပေမယ့် ဗီရိုနာနဲ့ပွဲမှာတော့ သူရဲ့ပင်နယ်တီလွဲချော်မှုက အသင်းအတွက် ရလဒ်ဆုံးရှုံးမှု ဖြစ်စေခဲ့ရကာ တကယ်လို့ ဒီပွဲကို အနိုင်ရခဲ့မယ်ဆိုရင် မီလန်ဟာ အမှတ်ပေးဇယားမှာ ရမှတ်များစွာအသာနဲ့ ရပ်တည်နေနိုင်မှာဖြစ်ပါတယ်။ အခုဖြစ်ရပ်နဲ့ပတ်သက်ပြီး မိုဗစ်က “ကျွန်တော်အရမ်းကို ဒေါသထွက်နေရတယ်။ ဘာကြောင့်လဲဆိုတော့ အခုလို သရေရလဒ်က အသင်းအတွက် လုံးဝကို လုံလောက်တဲ့ ရလဒ်မဟုတ်လို့ပါပဲ။ ကျွန်တော်တို့တွေ အခွင့်အရေးတွေများစွာကို ပိုင်ဆိုင်နိုင်ခဲ့တယ်။ ကျွန်တော်ကိုယ်တိုင်ကလည်း ပင်နယ်တီလွဲချော်ခဲ့ရတယ်။ နောက်တစ်ကြိမ်ဆိုရင်တော့ ပင်နယ်တီကန်သွင်းမှုကို ကတ်ဆေးကိုပဲ ကန်သွင်းခိုင်းလိုက်တာက အကောင်းဆုံးဖြစ်လိမ့်မယ်လို့တောင် ကျွန်တော်တွေးမိတယ်။ အသင်းက ပေးဂိုး(၂)ဂိုး စပေးခဲ့ရတယ်။ အဲ့ဒါကို ပြန်ချေပနိုင်ခဲ့တယ်။ ဘာပဲဖြစ်ဖြစ် ကျွန်တော်တို့တွေ ရှေ့ဆက်သွားဖို့နဲ့ ယုံကြည်ချက်တွေ မဆုံးရှုံးသွားဖို့က အရေးအကြီးဆုံးပါ။ ပွဲတိုင်းကိုလည်း အနိုင်ရဖို့အတွက် ဆက်ပြီးကြိုးစားအားထုတ်သွားရပါမယ်” လို့ ရှင်းလင်းပြောဆိုသွားခဲ့ပါတယ်။ မိုဗစ်ဟာ ဒီရာသီမှာ မီလန်အသင်းအတွက် စီးရီးအေသွင်းဂိုး(၈)ဂိုးအထိ ရယူထားကာ ဂိုးသွင်းအများဆုံးသူအဖြစ် ရပ်တည်လို့နေပါတယ်။