အေစီမီလန်အသင်းဟာ အသင်းရဲ့ အိုင်ဗရီကို့စ် ကွင်းလယ်ကစားသမား ဖရန့်ကတ်ဆီးကို တော့တင်ဟမ်ဟော့စပါးအသင်းကို ရောင်းချသွားဖို့အတွက် အသင်းနှစ်သင်းကြား သဘောတူညီချက် ရယူထားနိုင်ခဲ့ပေမယ့် ကတ်ဆီးကိုယ်တိုင်က အသင်းမှာ စာချုပ်သက်တမ်း ကုန်ဆုံးချိန်အထိ ဆက်လက်ရှိနေချင်တဲ့အတွက် စပါးအသင်းဆီ ပြောင်းရွှေ့ကစားဖို့ ငြင်းဆန်ပယ်ချသွားတယ်လို့ သိရှိရပါတယ်။
Photo Credit : Daily Mail
ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းကပဲ စပါးအသင်းနဲ့ အေစီမီလန်အသင်းတို့ဟာ ကတ်ဆီးရဲ့ အပြောင်းအရွှေ့တွေနဲ့ ပတ်သက်ပြီး ဆွေးနွေးခဲ့ရာ သဘောတူညီချက် ရယူနိုင်ခဲ့ပေမယ့်လည်း ကတ်ဆီးကတော့ သူအနေနဲ့ အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးမယ့် ၂၀၂၂ခုနှစ် ဇွန်လ(၃၀)ရက်အထိ အသင်းမှာ ဆက်လက်ရှိနေချင်တဲ့အတွက် စပါးကို ပြောင်းရွှေ့ဖို့ ငြင်းဆန်ခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ကတ်ဆီးဟာ လက်ရှိမှာ အိုင်ဗရီကို့စ်အသင်းနဲ့ အာဖရိကဖလားပြိုင်ပွဲကို ဆင်နွဲနေရတာဖြစ်ပြီး ဒီပြိုင်ပွဲ ပြီးဆုံးရင်လည်း မီလန်အသင်းနဲ့အတူ စီးရီးအေ ချန်ပီယံဆုကိုပါ ဆက်လက်ဆင်နွဲလိုသောကြောင့် အခုလို စပါးကို ပြောင်းရွှေ့ဖို့ ပယ်ချခဲ့တာ ဖြစ်ပါတယ်။
Photo Credit : Daily Mail
အသက်(၂၅)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ် လက်ရွေးစင် ကွင်းလယ်ကစားသမား ကတ်ဆီးဟာ ဒီနှစ်ဘောလုံးရာသီ ကုန်ဆုံးချိန်မှာ မီလန်အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးတော့မှာဖြစ်ပြီး မီလန်အသင်းဘက်က သူတို့ရဲ့ အဓိက ကစားသမား ကတ်ဆီးကို မဆုံးရှုံးချင်တဲ့အတွက် သက်တမ်းတိုးဖို့ ကြိုးပမ်းခဲ့ပေမယ့် ကတ်ဆီးက ပယ်ချထားခဲ့ပါတယ်။ ဒါပေမယ့် ကတ်ဆီးဟာ မီလန်ကနေ အခု ဆောင်းစျေးကွက်အတွင်းမှာ ထွက်ခွာသွားဖို့ထက် အသင်းနဲ့ စာချုပ်သက်တမ်း ကုန်ဆုံးချိန်မှသာ လက်တွဲဖြုတ်လိုတာကြောင့် လက်ရှိအချိန်မှာ အသင်းပြောင်းဖို့ကို ငြင်းဆန်ထားတာ ဖြစ်ပါတယ်။ အမ်ဒွန်ဘီလီကို ပီအက်စ်ဂျီအသင်းဆီ အငှားချဖို့ နီးစပ်နေတဲ့ စပါးအသင်းကတော့ ဒယ်လီအလီကိုပါ အသင်းကနေ ရှင်းထုတ်ဖို့ ရှိနေပေမယ့် စျေးကွက်ပိတ်ခါနီး အချိန်ထိ ကစားသမားသစ် တစ်ဦးတစ်ယောက်မှ မခေါ်ယူထားနိုင်ခဲ့သလို သူတို့ အလိုရှိနေတဲ့ ဝုလ်ဗ်တောင်ပံကစားသမား အဒမ်မာထရာအိုရေးရဲ့ အပြောင်းအရွှေ့မှာလည်း လက်ရှိအချိန်ထိ အပြီးသတ်ဖို့ ကြန့်ကြာလို့နေရပါတယ်။ တကယ်လို့ ဆောင်းစျေးကွက်အတွင်းမှာ စပါးအသင်းရဲ့ ဥက္ကဌလီဗီအနေနဲ့ ကစားသမားသစ် မခေါ်ယူနိုင်ခဲ့ရင် အသင်းနည်းပြကွန်တီရဲ့ စိတ်ပျက်မှုနဲ့ ရင်ဆိုင်ရနိုင်ပြီး မထင်မှတ်ပဲ အသင်းနဲ့ပါ လက်တွဲဖြုတ်သွားနိုင်တယ်လို့ မီဒီယာတွေမှာ သုံးသပ်ဖော်ပြနေကြပါတယ်။