အေစီမီလန်အသင်းဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီတုန်းက မန်ချက်စတာယူနိုက်တက်အသင်းကနေ တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့တဲ့ ပေါ်တူဂီ နောက်ခံအစွန်လူ ဒီယေဂိုဒါလော့ကို နောက်ထပ်တစ်ရာသီ ထပ်မံအငှားစာချုပ်နဲ့ ခေါ်ယူသွားဖို့အတွက် ကမ်းလှမ်းမှုတွေ ထပ်တိုးလုပ်ဆောင်သွားဦးမှာ ဖြစ်သလို တစ်ရာသီအငှားအပြင် အငှားစာချုပ် ပြည့်မြောက်သွားခဲ့ရင်တောင် အပြီးသတ် ခေါ်ယူခွင့်ကိုပါ ထည့်သွင်းကမ်းလှမ်းသွားမှာဖြစ်တယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

အသက်(၂၂)နှစ်အရွှယ်ရှိ ပေါ်တူဂီလက်ရွေးစင် နောက်ခံအစွန်လူ ဒါလော့ဟာ ပေါ်တိုလူငယ်အသင်းကနေ ပေါ်ထွက်လာတဲ့ ကစားသမားတစ်ယောက်ဖြစ်ပြီး ၂၀၁၈ခုနှစ်ကမှာပဲ ပေါ်တိုကနေ ယူနိုက်တက်အသင်းဆီကို ပြောင်းရွှေ့လာခဲ့တာဖြစ်ပါတယ်။ ဒါပေမယ့် ယူနိုက်တက်အသင်းက ဝမ်ဘစ်ဆာခါကို အသင်းဆီ ခေါ်ယူခဲ့ပြီးနောက်မှာ ဒါလော့ရဲ့ ပွဲထွက်ကစားခွင့်တွေ ပျောက်ဆုံးလာခဲ့ရတာကြောင့် မနှစ်က ဘောလုံးရာသီမှာပဲ စီးရီးအေကလပ် အေစီမီလန်အသင်းဆီကို တစ်ရာသီ အငှားစာချုပ်နဲ့ သွားရောက်ကစားခဲ့ရတာဖြစ်ပါတယ်။ ဒါလော့ဟာ ပြီးခဲ့တဲ့ရာသီအတွင်း မီလန်အသင်းအတွက် ပြိုင်ပွဲစုံ (၃၃)ပွဲအထိကို ပါဝင်ကစားခွင့်လည်း ရခဲ့ပါတယ်။

Photo Credit : Kick Daddy

အခုတော့ ဒါလော့ဟာ မီလန်နဲ့ အငှားစာချုပ်ပြည့်သွားလို့ ယူနိုက်တက်ဆီ ပြန်လည်ရောက်ရှိနေပေမယ့်လည်း ယူနိုက်တက်ဘက်က ဒါလော့ကို အသင်းမှာ နေရာပေးဖို့ မသေချာသေးတဲ့အပြင် ညာခြမ်းခံစစ်နေရာအတွက်ကိုပါ ကစားသမားသစ် ခေါ်ယူဖွယ် ရှိနေတဲ့အတွက် ဒါလော့ကို ထပ်မံအငှားချဖွယ် ဒါမှမဟုတ် အပြီးသတ်ရောင်းချဖွယ် ရှိနေတာဖြစ်ပါတယ်။ လတ်တလောမှာတော့ ဒါလော့ကို အေစီမီလန်အသင်းအပြင် ရီးယဲလ်မက်ဒရစ်အသင်းကနေပါ စိတ်ဝင်စားလျက် ရှိနေပေမယ့် အပြောင်းအရွှေ့သတင်းထောက်ကြီး ဖာဘရီဇီယိုရိုမာနိုရဲ့ ဖော်ပြချက်အရ မီလန်အသင်းက ဒါလော့ကို အငှား+အပြီးသတ်ခေါ်ယူခွင့် ကမ်းလှမ်းချက်မျိုးနဲ့ ခေါ်ယူချင်နေတာဖြစ်ပေမယ့် ရီးယဲလ်ဘက်ကတော့ ဒါလော့ကို အငှားသီးသန့်နဲ့သာ ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ယူနိုက်တက်အသင်းကတော့ သူတို့ရဲ့ကစားသမားအတွက် တစ်ရာသီ ငှားရမ်းမှုအတွက် ယူရို(၅)သန်းဝန်းကျင်လောက်အထိကို အလိုရှိနေတာဖြစ်ပြီး အငှား+အပြီးသတ်ခေါ်ယူခွင့် ကမ်းလှမ်းချက်ကိုသာ လက်ခံသွားဖွယ် ရှိနေပါတယ်။ ယူနိုက်တက်အသင်းဟာ ညာခြမ်းခံစစ်နေရာအတွက် ကီရန်ထရစ်ပီယာအပြင် နောဝစ်လူငယ်ကစားသမားလေး မက်စ်အာရွန်စ်ကိုပါ စိတ်ဝင်စားလျက် ရှိနေပါတယ်။