၂၀၁၃-၂၀၁၄ ဘောလုံးရာသီနောက်ပိုင်းကတည်းက ဝေးကွာနေရတဲ့ ဥရောပချန်ပီယံလိဂ်ပြိုင်ပွဲ ဝင်ရောက်ကစားခွင့်ကို အရယူနိုင်ခဲ့တဲ့ အေစီမီလန်အသင်းဟာ လာမယ့်ဘောလုံးရာသီမှာ အသင်းရဲ့ ကစားသမားအင်အား တောင့်တင်းနေစေဖို့အတွက် ကစားသမားသစ်တွေ ခေါ်ယူဖို့ ပြင်ဆင်လျက်ရှိနေရာ ချယ်လ်ဆီးအသင်းရဲ့ ကစားသမားတွေဖြစ်တဲ့ နောက်ခံလူတိုမော်ရီ ကွင်းလယ်လူဇီယက်ရှ်နဲ့ တိုက်စစ်မှူးဂျရူးတို့ကို ခေါ်ယူသွားဖွယ် ရှိနေပါတယ်။

Photo Credit : Daily Mail

မီလန်အသင်းဟာ ပြီးခဲ့တဲ့ ဆောင်းရာသီစျေးကွက်အတွင်းကပဲ ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာတစ်နေရာရဖို့ ရုန်းကန်နေရတဲ့ နောက်ခံလူတိုမော်ရီကို အငှားနဲ့ ခေါ်ယူနိုင်ခဲ့ပြီး အင်္ဂလန်နောက်ခံလူ တိုမော်ရီကလည်း အီတလီမြေမှာ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တာကြောင့် သူ့ကို မီလန်အသင်းဘက်ကနေ အပြီးသတ်ခေါ်ယူသွားချင်နေတာဖြစ်သလို လတ်တလော ထွက်ပေါ်ထားတဲ့ သတင်းတွေအရဆိုရင်လည်း အပြောင်းအရွှေ့က အပြီးသတ်နိုင်ဖို့ နီးစပ်နေပြီလို့ သိရပါတယ်။ ဒါပေမယ့် မီလန်အသင်းဟာ တိုမော်ရီအပါအဝင် နောက်ထပ်ချယ်လ်ဆီးကစားသမား(၂)ယောက်ကိုပါ တစ်ပါတည်း အရခေါ်ယူချင်နေပါတယ်။

Photo Credit : Daily Express

ဒ့ါအပြင် သိပ်မကြာသေးခင်ကမှ ချယ်လ်ဆီးအသင်းနဲ့ တစ်နှစ်သက်တမ်းတိုးဖြစ်ခဲ့တဲ့ ဝါရင့်ပြင်သစ်တိုက်စစ်မှူးကြီး အိုလီဗီရာဂျရူးနဲ့ အသင်းမှာ အနာဂတ်မရေမရာ ဖြစ်လာခဲ့ရတဲ့ မော်ရိုကိုကြယ်ပွင့် ဟာကင်ဇီယက်ရှ်တို့ကိုလည်း မီလန်အသင်းဘက်ကနေ စိတ်ဝင်စားလာခဲ့ပါတယ်။ အသက်(၃၄)နှစ်အရွှယ်ရှိ တိုက်စစ်မှူးဂျရူးဟာ ချယ်လ်ဆီးနဲ့ တစ်နှစ်သက်တမ်းတိုး ဖြစ်ခဲ့ပေမယ့်လည်း အသင်းက နွေစျေးကွက်အတွင်းမှာ တိုက်စစ်မှူးသစ် ခေါ်ယူမှာဖြစ်လို့ ဂျရူးအနေနဲ့ အသင်းမှာ နေရာဆက်ပျောက်နိုင်တာကြောင့် အသင်းနဲ့ လမ်းခွဲဖွယ်ရှိနေပြီး တကယ်လို့ မီလန်ဘက်ကနေသာ ဂျရူးကို အလိုရှိတယ်ဆိုရင် စာချုပ်သက်တမ်း ရှိနေတဲ့အတွက် ပြောင်းရွှေ့ကြေးတချို့နဲ့ ကမ်းလှမ်းရမှာဖြစ်ပါတယ်။ ဒါ့အပြင် နည်းပြသောမတ်စ်တူဟယ်လ်လက်ထက် ပုံမှန်ကစားခွင့်တွေ နည်းပါးလို့နေတဲ့ ကွင်းလယ်လူ ဇီယက်ရှ်ရဲ့အခြေအနေကိုလည်း မီလန်အသင်းဘက်ကနေ စောင့်ကြည့်လျက်ရှိနေပြီး ချယ်လ်ဆီးဘက်ကနေသာ ရောင်းချမယ်ဆိုရင် ကမ်းလှမ်းမှုတွေကို လုပ်ဆောင်သွားဖွယ် ရှိနေပါတယ်။ ဒါ့အပြင် မီလန်အသင်းဟာ အငှားနဲ့ ခေါ်ယူထားတဲ့ ကစားသမားတွေဖြစ်တဲ့ ဘရာဟင်ဒီယက်ဇ်နဲ့ ဒါလော့တို့ကိုလည်း အငှားသက်တမ်းတိုးမြှင့်သွားဖို့ပါ ပြင်ဆင်လျက် ရှိနေပါတယ်။