အီတလီ စီးရီးအေမှာ တစ်ကျော့ပြန် ဆုဖလားတွေ ရရှိဖို့ ကြိုးစားနေတဲ့ အေစီမီလန် အသင်း ကတော့ ပရီးမီးယားလိဂ် ကလပ် မန်ယူအသင်းရဲ့ ပေါ်တူဂီ ညာနောက်ခံလူ ဒီယေဂို ဒါးလော့ကို ခေါ်ယူဖို့ အတွက် မန်ယူအသင်းထံ ကမ်းလှမ်းမှုတွေ ပြုလုပ် ထားကြောင်း အင်္ဂလန် အခြေစိုက် သတင်းမီဒီယာတွေက ဖော်ပြ သွားကြပါတယ်။ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ်တူဂီ ညာနောက်ခံလူ ဒါးလော့ဟာ လက်ရှိ နွေရာသီ အတွင်းမှာ မန်ယူအသင်းကနေ ပြောင်းရွှေ့ခွင့် ရရှိထားသူ ဖြစ်ပြီး မန်ယူ အသင်းရဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှားဟာ သူ့ကို အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းခြင်း မပြုတော့သလို အသင်းပြောင်းဖို့ လှုပ်ရှားမှုတွေကိုလည်း လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ဖို့ ခွင့်ပြု ပေးထားပါတယ်။

Photo Credit: Express

လက်ရှိမှာတော့ ဒါးလော့ကို ခေါ်ယူဖို့ အတွက် ဥရောပ အခြေစိုက် အသင်း အတော်များများက စိတ်ဝင်စား နေကြပေမယ့် အင်္ဂလန် သတင်းဌာနတွေရဲ့ ဖော်ပြချက် အရတော့ အေစီမီလန် အသင်းဟာ ဒါးလော့ အတွက် ပထမဦးဆုံး ကမ်းလှမ်းလာတဲ့ အသင်း ဖြစ်ကြောင်း သိရှိ ရပါတယ်။ နာမည်ကြီး သတင်းဌာန တစ်ခု ဖြစ်တဲ့ Sky Sports သတင်းဌာနရဲ့ ဖော်ပြချက် အရ အေစီမီလန် အသင်းဟာ ဒါးလော့ကို တစ်ရာသီ အငှားနဲ့ ဦးစွာ ခေါ်ယူချင် နေပြီး ရာသီကုန်မှာ အပြီးသတ် ခေါ်ယူပါ့မယ် ဆိုတဲ့ ကမ်းလှမ်းချက် နဲ့ မန်ယူအသင်းထံ ကမ်းလှမ်း ခဲ့ကြောင်း သိရပါတယ်။ ဒါပေမယ့် ထွက်ပေါ်လာတဲ့ သတင်းတွေ အရတော့ မန်ယူအသင်းဟာ ဒါးလော့ကို အပြီး ရောင်းချချင် နေတာကြောင့် အေစီမီလန်အသင်းရဲ့ ကနဦး ကမ်းလှမ်းမှုကို ပယ်ချခဲ့ကြောင်းလည်း သိထား ရပါတယ်။

Photo Credit: Express

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်သူ Fabrizio Romano ကလည်း အဆိုပါ သတင်း ကို အတည်ပြု ပေးထားပြီး မန်ယူအသင်းဟာ အေစီမီလန် အသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချ ခဲ့ပေမယ့် အပြောင်းအရွှေ့ အတွက် ဆွေးနွေးမှုတွေဟာ ဆက်လက် လုပ်ဆောင်နေဆဲ ဖြစ်တယ် လို့ ပြောပြ သွားခဲ့ပါတယ်။ လက်ရှိမှာ ဒါးလော့ရဲ့ တန်ကြေးဟာ ပေါင် ၁၃ သန်း ဝန်းကျင်သာ ရှိပေမယ့် မန်ယူအသင်း ကတော့ ဒါးလော့ကို ဝယ်ယူစဉ်က သူတို့အသင်း ပေးချေခဲ့ရတဲ့ ယူရို ၂၀ သန်း ဝန်းကျင်ကို ပြန်လည် အလိုရှိနေပြီး အေစီမီလန် အသင်းဘက်က ဒါးလော့အတွက် တစ်ရာသီ အငှား + ရာသီကုန်မှာ ယူရို ၂၀ သန်း ဝန်းကျင်နဲ့ မဖြစ်မနေ ခေါ်ယူမယ် ဆိုတဲ့ အချက်နဲ့ ကမ်းလှမ်းလာပါက လက်ခံ သွားဖွယ် ရှိတယ် လို့ မန်ချက်စတာမြို့ အခြေစိုက် သတင်းဌာနတွေက ဖော်ပြ ထားကြပါတယ်။