ဥရောပမှာ တစ်ခေတ်တစ်ခါက ကြီးစိုးခဲ့တဲ့ မီလန်မြို့ရဲ့ အနီရောင်သခင်တွေဖြစ်တဲ့ အေစီမီလန်အသင်းကတော့ လက်ရှိမှာ အသင်းကို အရင်ကလို အောင်မြင်မှုတွေ ပြန်လည်ရရှိဖို့ ကြိုးစားရုန်းကန်နေရတဲ့ အသင်းပဲ ဖြစ်ပါတယ်။ မြို့ခံပြိုင်ဘက်အင်တာမီလန်အသင်းက ကွန်တီနဲ့အတူ လမ်းကြောင်းမှန်ပေါ် ပြန်တက်နေချိန် မှာ အေစီမီလန်အသင်းကတော့ အသင်းရဲ့ ကျောနံပါတ်၉ပိုင်ရှင် ပီယာတက်ခ်ကို ဂျာမဏီ ကလပ် ဟာသာဘာလင်အသင်းထံကို ရောင်းချခဲ့ရတဲ့အထိ အခြေအနေ ဆိုးရွားနေပါတယ်။

Photo Credit: Metro.com

ပီယာတက်ခ်ဟာ ဂျီနိုအာအသင်းကနေ အေစီမီလန်အသင်းကို မျှော်လင့်ချက်များစွာနဲ့ ရောက်ရှိလာခဲ့သူဖြစ်ပြီး သူရဲ့ ဂိုးသွင်းခြေစွမ်းကို ဂျီနိုအာအသင်းမှာ ပြသနိုင်ခဲ့တာကြောင့် အေစီမီလန်အသင်းမှာလည်း ခြေစွမ်းပြနိုင်မယ် လို့ ဘောလုံးသုံးသပ်သူတွေက သုံးသပ်ခဲ့ကြပေမယ့် တကယ်တမ်းမှာတော့ ပီယာတက်ခ်ဟာ အေစီမီလန်ကို ရောက်စဉ်ကတည်းက ဒဏ်ရာ ပြဿနာတွေနဲ့ ရုန်းကန်ခဲ့ရပါတယ်။ အခုချိန်မှာ ပီယာတက်ခ်ဟာ အဆိုပါဒဏ်တွေကြောင့်ပဲ အေစီမီလန်အသင်းကနေ ထွက်ခွာသွားခဲ့ရပြီး အေစီမီလန်ပရိသတ်တွေကတော့ ဒါဟာ အသင်းရဲ့ ကျောနံပါတ်၉ကျိန်စာကြောင့်လို့ တထစ်ချ ယုံကြည်နေပါတယ်။

Photo Credit: Metro.com

အေစီမီလန်အသင်းရဲ့ ကျောနံပါတ်၉ကို ဂျော့ဝက်စ် ၊ ဗန်ဘက်စတန် ၊ အင်ဇာဂီတို့လို ဂန္တဝင် ကစားသမားတွေ ဝတ်ဆင်ကစားခဲ့ပေမယ့် အင်ဇာဂီအနားယူပြီးနောက်ပိုင်းမှာ နံပါတ်၉ ဟာ ကစားသမားတွေအတွက် ကျိန်စာနံပါတ် ဖြစ်သွားခဲ့တယ်လို့ ပရိသတ်တွေက ထောက်ပြခဲ့ကြပါတယ်။ အင်ဇာဂီအနားယူပြီးနောက်မှာ ပါတို ၊ မာထရီ ၊ တောရက်စ် ၊ ဒက်စ်ထရို ၊ လာပါဒူလာ ၊ အန်ဒရီဆေးလ်ဗား ၊ ဟီဂူအင် ၊ ပီယာတက်ခ်စတဲ့ ကစားသမားတွေဟာ နံပါတ် ၉ ကိုဝတ်ဆင်ခဲ့ကြပေမယ့် နံပါတ်၉နဲ့ ထိုက်တန် တဲ့ ခြေစွမ်းတွေကိုတော့ မပြသနိုင်ခဲ့ကြပါဘူး။

Photo Credit: Metro.com

အန်ဒရီဆေးလ်ဗား ၊ ဟီဂူအင် ၊ ပီယာတက်ခ် ၊ ပါတို ၊ တောရက်စ်တို့ဟာ နာမည်ကြီးတိုက်စစ် ကစားသမားတွေဖြစ်ပေမယ့် အေစီမီလန်ထံ ရောက်ရှိလာခဲ့အပြီးမှာ ခြေစွမ်းတွေပျောက်ဆုံးခဲ့ကြပြီး အင်ဇာဂီအနားယူပြီးနောက် နံပါတ် ၉ ကစားသမားတွေဟာ စုစုပေါင်း ၁၉၀ပွဲ ကစားခဲ့ကြပေမယ့် ၄၄ဂိုးသာ သွင်းယူနိုင်ခဲ့ကြပါတယ်။ ဘောလုံးလောကမှာ အချို့သောနံပါတ်တွေဟာ သူတို့နဲ့ထိုက်တန်တဲ့သူနဲ့သာ လိုက်ဖက်ပြီး ကျောနံပါတ်နဲ့ မထိုက်တန်တဲ့သူတွေကိုတော့ အောက်ဆုံးအဆင့်အထိ ဆွဲချသွားတတ်ပါတယ်။ ဒီအထဲမှာ အေစီမီလန်ရဲ့ကျောနံပါတ် ၉ ကပါ ပါဝင်လာပြီလားဆိုတာကတော့….။