MySport Myanmar

စီးတီးကနေ လစ်တော့မယ့် ဝေါ်ကာကို ခေါ်ယူဖို့ ကြိုးပမ်းလာခဲ့တဲ့ အေစီမီလန်

အေစီမီလန်အသင်းကတော့ လက်ရှိမှာ မန်ချက်စတာ မြို့ခံကလပ်အသင်းတွေရဲ့ အင်္ဂလန် ကစားသမားတွေကို အသင်းဆီ ခေါ်ဆောင်သွားဖို့ မျက်စိကျနေပြီး လက်ရှိမှာလည်း မန်စီးတီး အသင်းခေါင်းဆောင် နောက်ခံအစွန်လူ ကိုင်း ဝေါ်ကာကို ခေါ်ယူသွားဖို့ ဆွေးနွေးမှုတွေ စတင် လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။

လက်ရှိမှာ အသက်(၃၄)အရွယ်တောင် ရှိနေပြီဖြစ်တဲ့ အင်္ဂလန် ဝါရင့် ညာနောက်ခံကစားသမားကြီး ဝေါ်ကာဟာ လွန်ခဲ့တဲ့ ၂၀၁၇ကတည်းက စပါးအသင်းကနေ မန်စီးတီးဆီ ရောက်ရှိနေခဲ့တာ ဖြစ်ပြီးတော့ လက်ရှိ မန်စီးတီး ကစားသမားတွေထဲမှာလည်း သက်တမ်းအရင့်ဆုံး ကစားသမားတွေထဲက တစ်ယောက်လည်း ဖြစ်ပါတယ်။

Photo Credit : Goal

နည်းပြကြီး ဂွာဒီယိုလာရဲ့ စိတ်ကြိုက်ကစားသမားဖြစ်တဲ့ ဝေါ်ကာဟာ ပြီးခဲ့တဲ့ ရာသီအထိ ပွဲကစားခွင့်တွေ အတော်လေး ရခဲ့ပေမယ့် ဒီရာသီမှာတော့ အကန့်အသတ်တွေနဲ့သာ ကစားလာရသလို သူရဲ့ အနာဂတ် အခြေအနေတွေကလည်း ပိုမို လှုပ်ခတ်လာခဲ့ရပါတော့တယ်။

ဒါ့အပြင် ဒီရက်ပိုင်းထဲ ထွက်ပေါ်လာခဲ့တဲ့ သတင်းတွေအရ ဝေါ်ကာဟာ အခု ဇန်နဝါရီ ဆောင်းဈေးကွက်ထဲမှာပဲ အသင်းကနေ ထွက်ခွာခွင့်ပြုဖို့ တောင်းဆိုထားခဲ့သလို လွန်ခဲ့တဲ့ နှစ်ပတ်ကတည်းက အခုလို တောင်းဆိုခဲ့တာလို့ စီးတီးနည်းပြ ဂွာဒီယိုလာကိုယ်တိုင်က အတည်ပြု ထုတ်ပြန်လာခဲ့ပါတယ်။

Photo Credit : Football365

အခုတော့ မန်စီးတီးကနေ ထွက်ခွာတော့မယ့် ဝေါ်ကာကို ပရီးမီးယားလိဂ် အကျကစားသမားတွေ ခေါ်ယူတက်လေ့ရှိတဲ့ အေစီမီလန်အသင်းက သူတို့အသင်းထံ ခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ လုပ်ဆောင်နေပြီပဲ ဖြစ်ပါတယ်။ မီလန်က ပူလီဆစ် တိုမော်ရီ လော့တပ်ချ်ိဖ်တို့လို ကစားသမားတွေကို ပရီးမီးယားလိဂ်ကနေ ခေါ်ယူထားခဲ့သလို မားကပ်စ် ရပ်ရှ်ဖို့ဒ်ကိုပါ အငှားနဲ့ ခေါ်ယူဖို့ ကြိုးပမ်းနေတဲ့ အသင်းလည်း ဖြစ်ပါတယ်။

ဝေါ်ကာအနေနဲ့ကတော့ အောင်မြင်မှုတွေ ရယူနိုင်ခဲ့တဲ့ စီးတီး ကစားသမားဘဝကနေ စွန့်လွတ်လိုက်ချိန်မှာ ဥရောပမှာပဲ ဆက်လက် ကျင်လည်ဦးမလား ဒါမှမဟုတ် သူ့ကို ငွေကြေးများစွာနဲ့ ကမ်းလှမ်းလာမယ့် ဆော်ဒီလိဂ်က ကလပ်အသင်းတွေဆီကိုပဲ ပြောင်းရွှေ့သွားမလားဆိုတာတော့ ဝေါ်ကာကိုယ်တိုင် ရွေးချယ်သွားရပါတော့မယ်။

Exit mobile version