အီတလီ စီးရီးအေ နာမည်ကြီးကလပ် အေစီမီလန်အသင်းဟာ အာဆင်နယ်အသင်းမှာ ပွဲကစားခွင့်တွေ အတော်လေး နည်းပါးလွန်းနေတဲ့ ဂိုးသမား အာရွန် ရမ်းစ်ဒေးလ်ကို လာမယ့်နွေမှာ ခေါ်ယူသွားဖို့အတွက် စောင့်ကြည့်လျက် ရှိနေတယ်လို့ Football Italia ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၂၅)နှစ်အရွယ် အင်္ဂလန် ဂိုးသမား ရမ်းစ်ဒေးလ်ဟာ အာဆင်နယ်ရဲ့ နံပါတ်တစ် ဦးစားပေး ဂိုးသမား ဖြစ်ပေမယ့်လည်း အာဆင်နယ်က ဘရန့်ဖို့ဒ်ကနေ ဒေးဗစ် ရာယာကို ခေါ်ယူပြီးနောက်ပိုင်း နည်းပြ အာတေတာက အသင်းရဲ့ ဂိုးပေါက်မှာ ရမ်းစ်ဒေးလ်ထက် ရာယာကိုသာ ပိုမို နေရာပေးလာခဲ့ပါတယ်။

Photo Credit : Eurosport

ပြီးခဲ့တဲ့ တစ်ရာသီလုံး အာဆင်နယ်အသင်းအတွက် အရေးပါတဲ့ ကစားသမားတစ်ဦး ဖြစ်ခဲ့ရသူ ရမ်းစ်ဒေးလ်ဟာ အခုတော့ ပရီးမီးယားလိဂ် ပွဲစဉ် (၂၇)အပြီးမှာတင် (၅)ပွဲလေးသာ ပါဝင်ကစားခဲ့ရတဲ့အထိ အခြေအနေတွေက ဆိုးရွှားလာခဲ့သလို ရမ်းစ်ဒေးလ်ရဲ့ အနာဂတ်ဟာလည်း သိသိသာသာ လှုပ်ခတ်လာခဲ့ပါတယ်။

ဒီအချိန်မှာ ဂိုးသမားသစ်တွေ ခေါ်ယူဖို့ လိုအပ်လာတဲ့ ကလပ်အသင်းတွေက ရမ်းစ်ဒေးလ်ရဲ့ အခြေအနေကို စောင့်ကြည့်လာခဲ့ပြီး ကမ်းလှမ်းမှုတွေလည်း ပြုလုပ်လာဖို့ ရှိနေရာ အာဆင်နယ်အနေနဲ့ကလည်း လာမယ့်နွေမှာပဲ ရမ်းစ်ဒေးလ်အတွက် သင့်တော်တဲ့ ပြောင်းရွှေ့ကြေးမျိုးနဲ့ ရောင်းထုတ်ဖို့ပါ ပြင်ဆင်လာပါတယ်။

Photo Credit : Eurosport

ကနဦးပိုင်းတုန်းကတော့ ဂိုးသမားတစ်ဦး ထပ်မံ ဖြည့်တင်းဖို့ ရှိနေတဲ့ ချယ်လ်ဆီးအသင်းက ရမ်းစ်ဒေးလ်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေပေမယ့် အခု အေစီမီလန်အသင်းကလည်း သူတို့ဂိုးသမား မီနွန်ရဲ့ အနာဂတ် မရေရာမှုတွေကြောင့် ရမ်းစ်ဒေးလ်ကို အလိုရှိလာခဲ့ပါတယ်။

ရမ်းစ်ဒေးလ်ကလည်း သူ့ကို နေရာမပေးတော့တဲ့ အာဆင်နယ်ကနေ ထွက်ခွာသွားဖို့ အစီအစဉ် ရှိနေပြီး သူ့ကို ပွဲထွက်ကစားခွင့်အတွက် အာမခံချက်ပေးနိုင်မယ့် အသင်း တစ်သင်းသင်းကိုသာ ပြောင်းရွှေ့ဖွယ်လည်း ရှိနေရာ မီလန်ဘက်ကရော ဒီလို အာမခံချက်မျိုးနဲ့ ကမ်းလှမ်းလာနိုင်မလားဆိုတာ စောင့်ကြည့်သွားရပါမယ်။