မန်ချက်စတာ ယူနိုက်တက်အသင်းရဲ့ အသင်းခေါင်းဆောင်ဟောင်း နောက်ခံကစားသမား ဟယ်ရီ မက်ဂွိုင်းယားကို ခေါ်ယူဖို့ စိတ်ဝင်စားနေကြတဲ့ ကလပ်အသင်းတွေထဲမှာ အေစီမီလန်အသင်းပါ ပါဝင်လာခဲ့တယ်လို့ The Sun ကနေ ဖော်ပြလာခဲ့ပါတယ်။

အသက် (၃၀)အရွယ်ရှိ အင်္ဂလန် လက်ရွေးစင် ဗဟိုနောက်ခံလူ မက်ဂွိုင်းယားဟာ ဒီနှစ်နွေမှာပဲ ယူနိုက်တက်ကနေ ထွက်ခွာဖို့ နီးစပ်ခဲ့ပေမယ့် အပြောင်းအရွှေ့ မပေါ်လာခဲ့ပဲ လာမယ့် ဆောင်းဈေးကွက်မှသာ အပြောင်းအရွှေ့ ထပ်ပြီး ဖြစ်လာဖို့ ရှ်ိနေရပါတယ်။

Photo Credit : talkSPORT

မက်ဂွိုင်းယားက ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်းမှာပဲ သူ့အနေနဲ့ ယူနိုက်တက်အသင်းမှာ ပုံမှန် ပွဲကစားခွင့်တွေ နည်းပါးနေဦးမယ် ၊ အရန်ခုံမှာပဲ ထိုင်နေရဦးမယ်ဆိုရင်တော့ အသင်းကနေ ထွက်ခွာသွားတော့မယ်လို့ ပြောဆိုထားခဲ့တာချိန် လာမယ့် ဆောင်းဈေးကွက်မှာ မက်ဂွိုင်းယားက ယူနိုက်တက်နဲ့ လမ်းခွဲတော့မလားဆိုတာ စိတ်ဝင်စားစရာ ဖြစ်လာခဲ့ပါတယ်။

ဒီလို အသင်းအပြောင်းအလဲ လုပ်ဆောင်ဖို့ ရှိနေတဲ့ မက်ဂွိုင်းယားကို ဝက်စ်ဟမ်းအသင်းက အဓိက ပစ်မှတ်ထားနေတာဖြစ်ပြီး ဆော်ဒီလိဂ်ဆီ ပြောင်းရွှေ့တော့မယ့် ဇူးမားရဲ့နေရာမှာ မက်ဂွိုင်းယားနဲ့ ပြန်လည် အစားထိုးသွားချင်ပါတယ်။

Photo Credit : TEAMtalk

ဒါပေမယ့် မက်ဂွိုင်းယားကို ဝက်စ်ဟမ်း တစ်သင်းတည်းက စိတ်ဝင်စားနေတာ မဟုတ်ပဲ အီတလီ စီးရီးအေ ထိပ်တန်းကလပ် အေစီမီလန်ကပါ ဝက်စ်ဟမ်းနဲ့အပြိုင် စိတ်ဝင်စားနေပါတယ်။ မီလန်က ချယ်လ်ဆီးနောက်ခံလူ တိုမော်ရီကို ခေါ်ယူထားဖူးသလို တိုမော်ရီ နဲ့ မက်ဂွိုင်းယား အင်္ဂလန်ခံစစ် အတွဲအဖက်ကို အသုံးပြုသွားချင်နေပါတယ်။

လက်ရှိမှာ ယူနိုက်တက်အသင်းအတွင်း ဒဏ်ရာရ ကစားသမားတွေ များပြားနေတာကြောင့် မက်ဂွိုင်းယားကို အသင်းမှာ နေရာပြန်ပေးနေပေမယ့်လည်း အဓိက နောက်ခံလူတွေ ပြန်လည် သက်သာလာပြီဆိုရင် မက်ဂွိုင်းယားအတွက် နေရာ ဆက်လက် ပျောက်ဆုံးနိုင်တာကြောင့် လာမယ့် ဆောင်းရာသီလောက်မှာပဲ သေချာပေါက် အသင်းပြောင်းသွားနိုင်ပါတယ်။