အီတလီ စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်က သူတို့အသင်းရဲ့ အားနည်းနေတဲ့ တိုက်စစ်ပိုင်း အတွက် အာဆင်နယ် လူငယ်ကြယ်ပွင့် ဘာလိုဂန်ကို ခေါ်ယူရန် စိတ်ဝင်စားနေကြောင်း အီတလီ နာမည်ကြီး သတင်းထောက် ဒီမာဇီယိုက အခိုင်အမာ ဖော်ပြလာခဲ့ပါတယ်။

အသက် ၂၂နှစ် အရွယ် အမေရိကန် လက်ရွေးစင် လူငယ်တိုက်စစ်မှူး ဘာလိုဂန်က အာဆင်နယ်ရဲ့ လူငယ်အကယ်ဒမီ ကနေ ထွက်ပေါ်လာတဲ့ အရည်အသွေးမြင့် လူငယ် ကစားသမား တဦး ဖြစ်ပြီး ဘာလိုဂန်ဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ အာဆင်နယ် ကနေ ပြင်သစ် လီဂူးဝမ်းကလပ် ရိမ်းစ်ဆီ တရာသီအငှားနဲ့ ပြောင်းရွှေ့ ကစားခဲ့ရာ ခြေစွမ်းကောင်းတွေ ထုတ်ပြနိုင်ခဲ့ပါတယ်။

Photo Credit: Goal

ဘာလိုဂန်က ရိမ်းစ်အတွက် ပြိုင်ပွဲစုံမှာ ၃၉ပွဲ ပါဝင် ကစားပေးခဲ့ရာ သွင်းဂိုး ၂၂ဂိုး အထိ သွင်းယူနိုင်ခဲ့သလို ဂိုးဖန်တီးမှု ၃ကြိမ် ပြုလုပ်နိုင်ခဲ့ပြီး အဆိုပါ ခြေစွမ်းကောင်းတွေကြောင့်ပဲ တိုက်စစ်ပိုင်းမှာ အားနည်းချက်တွေ ရှိနေတဲ့ အေစီမီလန်က ဘာလိုဂန်ကို ခေါ်ယူဖို့ စိတ်ဝင်စားလာတာပါ။

အေစီမီလန်က နောက်ပိုင်းနှစ်တွေမှာ နည်းပြချုပ် ပီအိုလီရဲ့ စွမ်းဆောင်ရည်တွေကြောင့် စီးရီးအေရဲ့ အင်အားကြီးအသင်း ပြန်ဖြစ်လာခဲ့ပေမယ့် သူတို့ရဲ့ ကစားသမား အင်အားက အတော်လေးကို နည်းပါးနေပြီး သွင်းဂိုးတွေ အတွက် ဝါရင့် တိုက်စစ်မှူး ဂျရူးကိုသာ အားကိုးနေရပါတယ်။

Photo Credit: Football London

ဒါကြောင့်ပဲ အေစီမီလန်ရဲ့ တာဝန်ရှိသူတွေက ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ရိမ်းစ်နဲ့အတူ ခြေစွမ်းကောင်းတွေ ပြသနိုင်ခဲ့တဲ့ ဘာလိုဂန်ကို ခေါ်ယူဖို့ စိတ်ဝင်စားနေတာ ဖြစ်ပြီး ဘာလိုဂန်ကလည်း အာဆင်နယ်ကို စွန့်ခွာကာ ပုံမှန် ပွဲထွက်ခွင့် ရမယ့် အေစီမီလန်ဆီ ပြောင်းရွှေ့ဖို့ စတင် စဉ်းစားနေပါတယ်။

နာမည်ကြီး အီတလီ သတင်းထောက် ဒီမာဇီယိုရဲ့ ဖော်ပြချက်အရ အေစီမီလန်က အာဆင်နယ်ကနေ ထွက်ခွာဖို့ စိုင်းပြင်းနေတဲ့ ဘာလိုဂန်ကို ခေါ်ယူဖို့ အတော်လေး စိတ်ဝင်စားနေပြီး အေစီမီလန်ရဲ့ တာဝန်ရှိသူတွေက ဘာလိုဂန်ရဲ့ အေးဂျင့်နဲ့ ဆွေးနွေးမှုတွေ ပြုလုပ်နေကာ အေစီမီလန်ဟာ ဘာလိုဂန်အတွက် ပြောင်းရွှေ့ကြေး ယူရို ၃၀သန်း ဝန်းကျင် သုံးစွဲဖို့ အဆင်သင့် ရှိနေကြောင်း သိရပါတယ်။