အီတလီ စီးရီးအေ အင်အားကြီးအသင်း တသင်း ဖြစ်တဲ့ အေစီမီလန်အသင်းဟာ သူတိုအသင်းရဲ့ တိုက်စစ်ပိုင်းကို အားဖြည့်နိုင်ဖို အတွက် ပရီးမီးယားလိဂ်ကလပ် အာဆင်နယ်အသင်းက အရောင်းစာရင်း တင်ထားတဲ့ တောင်ပံတိုက်စစ် ကစားသမား နီကိုလပ်စ် ပေပေကို ရာသီဝက်အငှားနဲ့ ခေါ်ယူဖို စီစဉ်နေကြောင်း သိရပါတယ်။

အေစီမီလန်အသင်းဟာ ယခုနှစ် ဘောလုံးရာသီမှာ နှစ်ပေါင်းများစွာ ဝေးကွာခဲ့တဲ့ အမှတ်ပေး ချန်ပီယံဆုကို ပြန်လည် ရယူနိုင်မယ့် အခွင့်အရေး ရှိနေတာကြောင့် လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ အသင်းကို လူအင်အား ဖြည့်တင်းမှုတွေ ပြုလုပ်ပြီး ဆုဖလားတွေ ရရှိအောင် ကြိုးပမ်းဖို စီစဉ်နေတဲ့ အသင်းပါ။

Photo Credit: Standard

လက်ရှိအချိန်မှာ အေစီမီလန်အသင်းဟာ တိုက်စစ်ပိုင်းမှာ အားထားရတဲ့ ရီဘစ်ကို ဒဏ်ရာကြောင့် လက်လွှတ်ထားရသလို အသင်းရဲ့ အဓိက တိုက်စစ်မှူးတွေ ဖြစ်တဲ့ အီဘရာဟီမိုဗစ်ချ်နဲ့ ဂျရူးတိုကလည်း အသက်အရွယ်ကြောင့် ပွဲစဉ်တိုင်း ပါဝင် ကစားပေးနိုင်ခြင်း မရှိတော့တဲ့ အနေအထားကြောင့် အသက်အရွယ်အရ ငယ်ရွယ်သေးသလို ထိပ်တန်း ကစားသမား ဖြစ်လာနိုင်တဲ့ ခြေရည်ခြေသွေးကို ပိုင်ဆိုင်ထားတဲ့ ပေပေကို ခေါ်ယူဖို စိတ်ဝင်စားလာတာပဲ ဖြစ်ပါတယ်။

တဖက်မှာတော့ အာဆင်နယ်အသင်းဟာ အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေး ပိုင်ရှင် ပေပေအပေါ် စိတ်ရှည်သည်းခံမှုတွေ ကုန်ဆုံးသွားပြီး အာဆင်နယ်အသင်းရဲ့ နည်းပြဖြစ်သူ အာတီတာက သူ့ရဲ့ အနာဂတ် စီမံကိန်းထဲမှာ ပေပေ မပါဝင်တော့ကြောင်း အသင်းရဲ့ အားကစား ဒါရိုက်တာ အီဒူးကို အသိပေးထားပါတယ်။

Photo Credit: Standard

ဒါကြောင့် အာဆင်နယ်အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာပဲ ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်း ဝန်းကျင်နဲ့ ပေပေကို ရောင်းထုတ်ဖို ဆုံးဖြတ်ထားပြီး အေစီမီလန်အသင်းက ပေပေကို ခေါ်ယူဖို စိတ်ဝင်စားနေတဲ့ အသင်းတွေထဲက တသင်းပဲ ဖြစ်ပါတယ်။

နာမည်ကြီး အီတလီ သတင်းဌာန တခု ဖြစ်တဲ့ Calcio Mercatoရဲ့ ဖော်ပြချက်အရ အေစီမီလန်အသင်းဟာ လာမယ့် ဇန်နဝါရီလ အပြောင်းအရွှေ့မှာ ပေပေကို ခေါ်ယူဖို အတွက် ကျိန်းသေပေါက် ကြိုးစားဖို ရှိနေပြီး ပေပေကို ရာသီဝက်အငှား + ရာသီကုန်မှာ ပြောင်းရွှေ့ကြေး ပေါင် ၂၅သန်းနဲ့ အပြီးသတ် ခေါ်ယူခွင့် ပါဝင်မယ့် ကမ်းလှမ်းမှု တရပ်နဲ့ ခေါ်ယူဖို စီစဉ်ထားကာ အာဆင်နယ်အသင်းကလည်း အေစီမီလန်အသင်းရဲ့ ကမ်းလှမ်းမှုကို လက်ခံဖွယ် ရှိကြောင်း သိရှိရပါတယ်။