အီတလီ စီးရီးအေရဲ့ လူကြိုက်အများဆုံး အသင်းတွေထဲမှာ ပါဝင်သလို အင်အားကြီးအသင်း တသင်းလည်း ဖြစ်တဲ့ အေစီမီလန်ဟာ ယနေ့မနက် အစောပိုင်းမှာ ယှဉ်ပြိုင် ကစားခဲ့တဲ့ စီးရီးအေ ပွဲစဉ်၃၀မှာ ကက်ဂီယာရီကို အဝေးကွင်းမှာ အနိုင်ရရှိခဲ့ပြီးနောက် အီတလီ စီးရီးအေရဲ့ အဆင့်၁နေရာကို သိမ်းပိုက်နိုင်ခဲ့ပါတယ်။

ဒါဟာ အေဘရာဟီမိုဗစ် ၊ သီယာဂို ဆေးလ်ဗား ၊ ပါတို ၊ ရော်ဘင်ဟို စတဲ့ ကြယ်ပွင့် ကစားသမားတွေကို တသီတသန်းကြီး ဆုံးရှုံးခဲ့ရတဲ့ ၂၀၁၁ခုနှစ် နောက်ပိုင်းမှာ အေစီမီလန် အတွက် ပထမဦးဆုံး အကြိမ် လိဂ်ချန်ပီယံ ဖြစ်ဖို့ နီးစပ်တဲ့ အနေအထားကို ပြန်ရောက်လာတာပဲ ဖြစ်ပါတယ်။

 

Photo Credit: Metro

အီတလီနိုင်ငံရဲ့ အအောင်မြင်ဆုံး အသင်းတွေထဲက တသင်း ဖြစ်တဲ့ အေစီမီလန်ဟာ အသင်းရဲ့ ပဲ့ကိုင်ရှင်ဟောင်း ဘာလူစကိုနီ တယောက် စီးပွားရေး အဆင်မပြေဖြစ်ကာ အသင်းကို ရောင်းထုတ်ခဲ့ပြီးနောက် မြက်ခင်းစိမ်းတွေပေါ်မှာ အောင်မြင်မှုတွေ ရရှိဖို့ ရုန်းကန်နေရတဲ့ အသင်းတသင်းပါ။

အသင်းကို အတော်လေး ချစ်မြတ်နိုးတဲ့ ဘာလူစကိုနီရဲ့ လက်အောက်မှာ မရှိတော့တဲ့နောက် အေစီမီလန်ဟာ စီမံခန့်ခွဲမှု အလွဲအမှားတွေ ၊ ကစားသမား အရောင်းအဝယ် မှားယွင်းမှုတွေကြောင့်ပဲ ယခင်ကလို အောင်မြင်မှုတွေ ပြန်လည် ရရှိခြင်း မရှိတော့သလို ချန်ပီယံလိဂ်ဝင်ခွင့်နဲ့ ဝေးကွာနေခဲ့တာတောင် အတော်လေး ကြာမြင့်နေခဲ့ပါပြီ။

Photo Credit: Metro

ဒါပေမယ့် ယခုနှစ် ဘောလုံးရာသီမှာတော့ အေစီမီလန်ရဲ့ ကစားပုံနဲ့ ရလဒ်ပိုင်းတွေက အတော်လေး တိုးတက်လာခဲ့ပြီး ဝါရင့် အီတလီလူမျိုး နည်းပြကြီး ပီအိုလီရဲ့ ဦးဆောင်မှု ၊ ဝါရင့် တိုက်စစ်မှူးတွေ ဖြစ်တဲ့ ဂျရူးနဲ့ မိုဗစ်တို့ရဲ့ အသင်းကို ထိန်းကျောင်းမှုတွေကြောင့်ပဲ အသင်းဟာ ခြေစွမ်းကောင်း မပြသနိုင်တဲ့ ပွဲတွေမှာတောင် ရမှတ်တွေ ရအောင် စုဆောင်းနိုင်ခဲ့ပါတယ်။

ရမှတ်တွေကို မှန်မှန် စုဆောင်းနိုင်ခဲ့တာကြောင့်ပဲ အေစီမီလန်ဟာ စီးရီးအေ ပွဲစဉ်(၃၀) ပြီးဆုံးချိန်မှာ ရမှတ် ၆၆မှတ်နဲ့အတူ အမှတ်ပေးဇယားရဲ့ အဆင့်၁နေရာကို သိမ်းပိုက်ထားနိုင်ပြီး ဒုတိယနေရာက အင်တာမီလန်ကို ရမှတ် ၃မှတ် ဖြတ်တောက်ထားနိုင်တာကြောင့် လက်ကျန် ၈ပွဲမှာသာ ရလဒ်ကောင်းတွေ ရယူနိုင်ခဲ့ရင် အေစီမီလန်အနေနဲ့ ၂၀၁၁ခုနှစ်နောက်ပိုင်း ပထမဦးဆုံးအကြိမ် အဖြစ် လိဂ်ချန်ပီယံဆုကို သိမ်းပိုက်နိုင်ဖို့ ရှိနေကြောင်း တင်ဆက်ပေးလိုက်ပါတယ်။