ချယ်လ်ဆီးအသင်းမှာ ပုံမှန်နေရာပျောက်ဆုံးနေပြီး နှစ်ရာသီဆက်တိုက် အသင်းကနေ အငှားထွက်ကစားနေရတဲ့ ပြင်သစ်ကွင်းလယ်ကစားသမား ဘာကာယိုကိုဟာ အခုဆိုရင် ချယ်လ်ဆီးအသင်းနဲ့ လမ်းခွဲဖို့ သေချာနေပြီဖြစ်တဲ့အပြင် တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ဖူးတဲ့ စီးရီးအေကလပ် အေစီမီလန်အသင်းဆီကို ပြောင်းရွှေ့ကစားဖို့ အတော်လေးကို နီးစပ်လျက်ရှိနေပြီလို့ အီတလီနာမည်ကျော် Sky Sports Italia သတင်းဌာနကနေ ဖော်ပြလာခဲ့ပါတယ်။

Photo Credit : Squawka

အသက်(၂၆)နှစ်အရွှယ်ရှိ ပြင်သစ်လက်ရွေးစင်ဟောင်း ကွင်းလယ်ကစားသမားဟာ ပြီးခဲတဲ့ ဘောလုံးရာသီမှာတုန်းက သူရဲ့အသင်းဟောင်းဖြစ်ခဲ့တဲ့ မိုနာကိုအသင်းဆီ တစ်ရာသီအငှားနဲ့ သွားရောက်ကစားခဲ့ရပြီး လက်ရှိ ချယ်လ်ဆီးအသင်းဆီ ပြန်လည်ရောက်ရှိနေပြီ ဖြစ်ပေမယ့်လည်း အသင်းနည်းပြ ဖရန့်လမ်းပတ်က ဘာကာယိုကိုကို အသင်းရဲ့စီမံကိန်းထဲမှာ ထည့်သွင်းထားခြင်းမရှိတဲ့အတွက် အသင်းနဲ့ လမ်းခွဲရဖို့ နီးစပ်လာခဲ့ရတာဖြစ်ပါတယ်။ ဒီလို အနာဂတ်မရေမရာဖြစ်နေတဲ့ ဘာကာယိုကိုကို အေစီမီလန်အသင်းကနေ ခေါ်ယူသွားချင်နေပြီး ကစားသမားကလည်း မီလန်ကို ပြန်လည်သွားချင်နေပါတယ်။

Photo Credit : Football Flake

ဘာကာယိုကိုအတွက် ချယ်လ်ဆီးအသင်းဘက်ကနေ ပြောင်းရွှေ့ကြေးကို ယူရိုသန်း(၄၀)လောက်အထိ သတ်မှတ်ထားပေမယ့်လည်း မီလန်ဘက်က ဒီပမာဏအတိုင်း ပေးချေသွားဖို့ ဆန္ဒမရှိပဲ တစ်ရာသီအငှားနဲ့ အရင်ခေါ်ယူပြီး အငှားစာချုပ်ပြည့်သွားချိန်မှသာ ယူရိုသန်း(၃၀)ဝန်းကျင်နဲ့ အပြီးသတ်ခေါ်ယူချင်နေတာဖြစ်ပါတယ်။ ချယ်လ်ဆီးကလည်း ဒီနွေစျေးကွက်မှာ ကစားသမားသစ်နှစ်ဦးကို ခေါ်ယူထားခဲ့သလို နောက်ထပ် ကစားသမားသစ်(၃)ယောက်လောက်အထိ ဆက်လက်ခေါ်ယူဖွယ် ရှိနေသေးတာကြောင့် အသုံးစရိတ် လုံလောက်နေစေဖို့အတွက် ဘာကာယိုကိုလို အသင်းနဲ့ အနာဂတ်မရှိတော့တဲ့ ကစားသမားတွေကို ရှင်းထုတ်သွားဖို့ လိုအပ်နေပါတယ်။ ဘာကာယိုကိုဟာ ၂၀၁၇ခုနှစ်ကမှ မိုနာကိုအသင်းကနေ ချယ်လ်ဆီးအသင်းဆီကို ယူရိုသန်း(၄၀)နဲ့ ရောက်ရှိလာခဲ့တာဖြစ်ပြီး အသင်းနဲ့ တစ်ရာသီသာ ဖြတ်သန်းခဲ့ရကာ ခြေစွမ်းကောင်းတွေ ပြသဖို့ ရုန်းကန်နေခဲ့ရတဲ့အတွက် နောက်ဘောလုံးရာသီမှာ မီလန်အသင်းဆီ အငှားချခဲ့သလို နောက်တစ်နှစ်မှာလည်း အသင်းဟောင်းမိုနာကိုအသင်းဆီ ဆက်တိုက်အငှားချခဲ့ပါတယ်။