ဒီနှစ်ဘောလုံးရာသီအတွင်းမှာ ရလဒ်ကောင်းတွေကို ဆက်တိုက်ပိုင်ဆိုင်နေပြီး အီတလီစီးရီးအေ အမှတ်ပေးဇယားရဲ့ ထိပ်ဆုံးနေရာကိုပါ သိမ်းပိုက်ထားနိုင်ခဲ့တဲ့ အေစီမီလန်အသင်းကတော့ သူတို့အသင်းနဲ့ ဆယ်နှစ်ကျော်လောက် ဝေးကွာလို့နေတဲ့ စီးရီးအေအမှတ်ပေးဆုဖလားကို ပြန်လည်ရယူနိုင်ဖို့အတွက် လာမယ့်ဇန်နဝါရီစျေးကွက်အတွင်း ကစားသမားသစ် ခေါ်ယူအားဖြည့်သွားဖို့ ရှိလို့နေပြီး ခရစ္စတယ်ပဲလေ့စ်အသင်းရဲ့ တောင်ပံတိုက်စစ်ကစားသမား ဇာဟာကို ခေါ်ယူချင်နေတယ်လို့ သိရှိရပါတယ်။

Photo Credit : Forbes

အသက်(၂၈)နှစ်အရွှယ်ရှိ အိုင်ဗရီကို့စ်လက်ရွေးစင် တောင်ပံကစားသမားဇာဟာက ဒီနှစ်ရာသီ နွေစျေးကွက်အတွင်းမှာပဲ ပဲလေ့စ်အသင်းကနေ ထွက်ခွာသွားဖို့ ဆန္ဒရှိခဲ့ပေမယ့်လည်း အပြောင်းအရွှေ့ကတော့ တကယ်တမ်း ဖြစ်ပေါ်မလာခဲ့ပဲ အသင်းမှာ ဆက်လက်ကျန်ရစ်ခဲ့ရတာဖြစ်ပါတယ်။ အသင်းမှာ ကျန်ရစ်ခဲ့ရတဲ့ ဇာဟာဟာ ဒီနှစ်ဘောလုံးရာသီမှာ သူရဲ့ပဲလေ့စ်အသင်းအတွက် ပရီးမီးယားလိဂ်ပွဲစဉ်ပေါင်း (၁၄)ပွဲ ပါဝင်ကစားထားနိုင်ခဲ့ပြီး သွင်းဂိုး(၈)ဂိုးအထိ သွင်းယူထားနိုင်ခဲ့သလို ဂိုးဖန်တီးမှု (၂)ကြိမ်အထိလည်း လုပ်ဆောင်ထားနိုင်ခဲ့ပါတယ်။

Photo Credit : Football365

ဒီလိုစွမ်းဆောင်ရည်တွေကို ပြသထားနိုင်ခဲ့တဲ့ ဇာဟာကို အေစီမီလန်အသင်းကနေ ခေါ်ယူသွားဖို့ စိတ်ဝင်စားလျက်ရှိနေပြီး ၂၀၁၀-၂၀၁၁ ဘောလုံးရာသီနောက်ပိုင်းကတည်းက အသင်းနဲ့ အလှမ်းဝေးနေခဲ့ရတဲ့ စီးရီးအေချန်ပီယံဆုဖလားကို ပြန်လည်ပိုင်ဆိုင်နိုင်ဖို့အတွက် အရည်အသွေးမြင့်မားတဲ့ ကစားသမားတွေကို အားဖြည့်ချင်နေတာဖြစ်ပါတယ်။ ဒါပေမယ့် ဇာဟာဟာ ပဲလေ့စ်အသင်းမှာ ၂၀၂၃ခုနှစ်လောက်အထိကို သက်တမ်းရှိနေသူဖြစ်သလို သူရဲ့တန်ကြေးကိုလည်း ပဲလေ့စ်ဘက်ကနေ တန်ကြေးမြင့်မားစွာ သတ်မှတ်ထားနိုင်တာကြောင့် ခေါ်ယူဖို့က ခက်ခဲနိုင်ပါတယ်။ ဒါ့အပြင် ဇာဟာကို ပရီးမီးယားလိဂ် ကလပ်အသင်းများစွာကနေလည်း ပစ်မှတ်ထားလျက်ရှိနေသလို ကစားသမားကိုယ်တိုင်ကလည်း ပရီးမီးယားလိဂ်ရဲ့ ပြင်ပအသင်းတွေမှာ သွားရောက်ကစားချင်ပါ့မလားဆိုတာကလည်း စဉ်းစားစရာ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခုလို စီးပွားရေးကျဆင်းနေချိန်မှာ ကစားသမားသစ် ခေါ်ယူဖို့ ကမ်းလှမ်းရာမှာ အသင်းရဲ့ ကစားသမားတချို့ကို အလိုက်ပေးကမ်းလှမ်းတာမျိုးတွေကိုပဲ ဦးစားပေးလုပ်ဆောင်လာနိုင်တာကြောင့် ဒီအပြောင်းအရွှေ့က တကယ်ဖြစ်ပေါ်လာနိုင်မလားဆိုတာကို စောင့်ကြည့်သွားရပါလိမ့်မယ်။