နောက်ပိုင်းမှာ ရလဒ်ကောင်းလေးတွေ ပြန်လည်ရယူထားခဲ့ပေမယ့်လည်း ပြီးခဲ့တဲ့တစ်ပတ်က ကျင်းပခဲ့တဲ့ မီလန်ဒါဘီပွဲမှာ ခါးသီးမြို့ခံပြိုင်ဘက် အင်တာမီလန်အသင်းကို အရေးနိမ့်ခဲ့ပြီး ရှံးပွဲပြန်တွေ့ခဲ့ရတဲ့ အေစီမီလန်အသင်းဟာ ဒီနေ့ညမှာ စီးရီးအေပွဲစဉ်(၂၄)အဖြစ် ဆန်စီယိုမှာ သူရဲ့ရမှတ်သိပ်မကွာလှတဲ့ တိုရီနိုအသင်းကို ဧည့်ခံကစားသွားခဲ့ပြီး တစ်လုံးတည်းသော အနိုင်ဂိုးနဲ့ပဲ အိမ်ကွင်းမှာ နိုင်ပွဲပြန်ရှာတွေ့ခဲ့ပါတယ်။

Photo Credit : Getty Images

၄-၂-၃-၁ ကစားကွက်ကို သုံးစွဲလာခဲ့တဲ့ အေစီမီလန်အသင်းရဲ့လူစာရင်းမှာ အီဗရာဟီမိုဗစ် ရီဘစ် ပါကွယ်တာ ကာစတီယယ်ဟို ကတ်ဆီး သီယိုဟာနန်ဒက်ဇ် ဒွန်နာရမ်မာတို့လို ကစားသမားကောင်းတွေများစွာ ပါဝင်လာခဲ့ပြီး ဧည့်သည်တိုရီနိုဘက်မှာလည်း အသင်းရဲ့ဂိုးသွင်းစက်ဘယ်လော့တီက ဦးဆောင်လာခဲ့ပါတယ်။ ပထမပိုင်းမှာ အသင်းနှစ်သင်းကြား ဘာကွာဟချက်မှ သိပ်ကြီးကြီးမားမားမရှိခဲ့ပဲ မီလန်ရဲ့တိုက်စစ်ဆင်မှုတွေကတော့ တိုရီနိုထက် ထိရောက်လို့နေခဲ့ပါတယ်။ ဒါကြောင့်လည်း အိမ်ရှင်မီလန်က ၂၅မိနစ်မှာပဲ ရီဘစ်က ညာခြမ်းကနေ ကာစတီယယ်လို ခင်းပေးလိုက်တာကို ရီဘစ်က ဧရိယာထဲကနေ ပိတ်သွင်းယူပြီး စတင်ဦးဆောင်နိုင်ခဲ့ပါတယ်။

Photo Credit : Getty Images

မီလန်အတွက် ဦးဆောင်သွင်းဂိုးကို ရယူနိုင်ခဲ့တဲ့ ခရိုအေးရှားတိုက်စစ်ကစားသမား ရီဘစ်ဟာဆိုရင် ဒီ၂၀၂၀ခုနှစ်ထဲမှာပဲ မီလန်အသင်းအတွက် သွင်းယူထားခဲ့တာက ဒီဂိုးအပါအဝင် ၆ဂိုးတောင် ရှိလာခဲ့ပါတယ်။ ဒုတိယပိုင်းအရောက်မှာလည်း မီလန်နဲ့တိုရီနိုအသင်းတို့ကြား အကြိတ်အနယ် ကစားခဲ့တာတွေ ရင်ခုန်စိတ်လှုပ်ရှားရာ ကန်သွင်းချက်တွေကို သိပ်မမြင်လာခဲ့ရပဲ နှစ်သင်းလုံးပေါင်း ဒုတိယပိုင်းအတွင်း ဂိုးပေါက်တည့်မှုက ၂ကြိမ်ပဲ ရှိခဲ့ရသလို သွင်းဂိုးတွေလည်း ဆက်မမြင်ရတော့ပဲ မီလန်ကပဲ ရီဘစ်ရဲ့တစ်ဂိုးတည်းနဲ့ အနိုင်ရသွားခဲ့ပါတယ်။