ဒီနေ့ည (၁၂)နာရီအချိန်မှာ စီးရီးအေပွဲစဉ်(၃၇)ရဲ့ ပွဲ(၅)ပွဲကို တပြိုင်နက်တည်း ယှဉ်ပြိုင်ကစားသွားခဲ့ပြီး အဲ့ဒီပွဲစဉ်တွေထဲကမှ နောက်ပိုင်းပွဲစဉ်တွေအတွင်း ရလဒ်တွေ တောက်လျှောက်ကောင်းမွန်နေကာ ကိုဗစ်အလွန်ကာလနောက်ပိုင်း စီးရီးအေမှာ လုံးဝရှံးပွဲမရှိသေးတဲ့ အေစီမီလန်အသင်းနဲ့ တန်းဆင်းဇုန်ကနေ လွတ်မြောက်ထားလို့ ဖိအားကင်းနေတဲ့ ဆမ်ဒိုရီးယားအသင်းတို့ပွဲမှာ ဧည့်သည်မီလန်အသင်းက နိုင်ပွဲပြန်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

မီလန်အသင်းက မိုဗစ် ရီဘစ် ချာဟာနိုဂလူး ဆီလီမေ့ခ်ခါစ် ဘန်နာဆာ ကတ်ဆေး ဟာနန်ဒက်ဇ် ဂါဘီယာ ကေဂျာ ကာလာဘီယာနဲ့ ဒွန်နာရန်မာတို့ ပါဝင်လာခဲ့ပြီး ဖိအားကင်းနေတဲ့ အိမ်ရှင်အသင်းဘက်ကိုတော့ ဝါရင့်တိုက်စစ်မှူးကြီး ဂွာကလီရယ်လာဦးဆောင်လာခဲ့ပါတယ်။ ဒီနေ့ပွဲစဉ်မှာ မီလန်ရဲ့ဝါရင့်တိုက်စစ်မှူးကြီးမိုဗစ်က ခြေစွမ်းပြသနိုင်ခဲ့ပြီး ကွင်းလယ်ထိ ဘောလုံးရယူရင်း အသင်းဖော်တွေအတွက်ကိုပါ ဖန်တီးမှုတွေ လုပ်ဆောင်ခဲ့သလို ကိုယ်တိုင်ကလည်း (၄)မိနစ်နဲ့ (၅၈)မိနစ်တွေမှာ သွင်းဂိုး(၂)ဂိုး ရယူနိုင်ခဲ့ပါတယ်။ ဒါ့အပြင် ချာဟာနိုဂလူးရဲ့သွင်းဂိုးကိုလည်း မိုဗစ်က ဖန်တီးပေးခဲ့ပါသေးတယ်။ ပွဲကစားချိန် မိနစ်(၈၀)ကျော်လောက်မှာ မီလန်တို့ ပင်နယ်တီပေးခဲ့ရပေမယ့် ဒွန်နာရန်မာ လက်စွမ်းပြကာကွယ်သွားခဲ့ပါတယ်။ ပွဲပြီးခါနီး အိမ်ရှင်ဆမ်ဒိုရီးယားက ချေပသွင်းဂိုးတစ်ဂိုး ပြန်လည်ရယူနိုင်ခဲ့ပါတယ်။ နာကျင်အချိန်ပိုမှာ မီလန်ဘက်ကနေ လီယာအိုသွင်းဂိုးနဲ့ ပွဲသိမ်းဂိုးကို ဆက်လက်ရယူနိုင်ခဲ့ပါသေးတယ်။

Photo Credit : Getty Image

အဆင့်(၄)နေရာမှာ ရပ်တည်နေတဲ့ လာဇီယိုအသင်းကတော့ တန်ဆင်းသွားခဲ့ပြီဖြစ်တဲ့ ဘရက်စီယာအသင်းနဲ့ အိမ်ကွင်းမှာ ဧည့်ခံကစားခဲ့ရတာဖြစ်ပြီး ဂိုးမိုးရွှာနိုင်မယ့်ပွဲလို့ သတ်မှတ်ထားခဲ့ပေမယ့် လာဇီယိုအသင်းဟာ သွင်းဂိုးတွေရရှိဖို့ ရုန်းကန်ခဲ့ရပြီး (၁၇)မိနစ်မှာ ကော်ရီရာသွင်းယူပေးခဲ့တဲ့ တစ်ဂိုးတည်းနဲ့ပဲ ပွဲကိုဦးဆောင်နေခဲ့ရပါတယ်။ ပွဲချိန်(၈၃)မိနစ်အရောက်မှ အင်မိုဘီလီက သူရဲ့ဒီရာသီ စီးရီးအေ(၃၅)ဂိုးမြောက်ကို သွင်းယူခဲ့ပါတယ်။

လာဇီယို ၂-၀ ဘရက်စီယာ
ဆမ်ဒိုရီးယား ၁-၄ အေစီမီလန်
ဆာဆူအိုလို ၅-၀ ဂျီနိုအာ
အူဒီးနီးစ် ၁-၂ လက်ချီ
ဗီရိုနာ ၃-၀ SPAL