ဒီတစ်ပတ်ရဲ့ ကြားရက်မှာ ဆက်လက်ကျင်းပသွားမယ့် အီတလီစီးရီးအေ ပွဲစဉ်(၃၁)ထဲကမှ စိတ်ဝင်စားစရာအကောင်းဆုံးသော ပွဲစဉ်ဖြစ်တဲ့ အေစီမီလန်အသင်းနဲ့ ဂျုဗင်တပ်စ်အသင်းတို့ရဲ့ပွဲကတော့ အတော်လေးကို အကြိတ်အနယ်ရှိခဲ့ပြီး အိမ်ရှင်မီလန်အသင်းက (၄)ဂိုး(၂)ဂိုးနဲ့ အနိုင်ရသွားခဲ့ပါတယ်။

Photo Credit : Getty Image

ဒီနောက်ပိုင်းမှာ Form ရော တိုက်စစ်ပိုင်းပါ အရမ်းကောင်းမွန်နေတဲ့ အိမ်ရှင်အေစီမီလန်အသင်းက အီဗရာဟီမိုဗစ် ပါကွယ်တာ ရီဘစ် ဆီလီမေ့ခ်ခါ ကတ်ဆေး ဘန်နာဆာ ကွန်တီ ခီယာ ရိုမက်ဂ်နိုလီ ဟာနန်ဒက်ဇ်နဲ့ ဒွန်နာရမ်မာတို့ ပါဝင်လာခဲ့ပြီး ဂျုဗင်တပ်စ်အသင်းဘက်မှာလည်း ဒီဘားလာနဲ့ ဒီလစ်တို့ မပါဝင်နိုင်တာကြောင့် ဟီဂွာအင်နဲ့ ရူဂါနီတို့ ပါဝင်လာခဲ့ရသလို ရော်နယ်ဒို ဘာနာဒက်စကီး ပီယာနစ် ဘန်တန်ကာ ရာဘီအော့ ဘနူချီ ကွာဒရာဒို ဒန်နီလိုနဲ့ ရှက်ဇနီတို့လည်း ပါဝင်ခဲ့ပါတယ်။ ပထမပိုင်းအတွင်းမှာ အိမ်ရှင်မီလန်အသင်းက ဂိုးကန်သွင်းချက်တိုင်းကို ဂိုးပေါက်တည့်မတ်ခဲ့ပေမယ့် ဂျုဗီဂိုးသမား ရှက်ဇနီအတွက် အသာအယာ ဖမ်းယူခဲ့ရတဲ့ အားနည်းတဲ့ကန်ချက်တွေ ဖြစ်နေသလို ဂျုဗင်တပ်စ်ကလည်း ကန်ချက်(၄)ကြိမ် ရခဲ့ပေမယ့်လည်း ဂိုးပေါက်လွဲချော်မှုတွေသာ ဖြစ်ခဲ့ရသလို ဂိုးဝင်နိုင်လောက်တဲ့ ဒန်နီလိုရဲ့ကန်ချက်ကိုလည်း ခီယာက ခေါင်းတိုက်ရှင်းထုတ်ခဲ့ပါတယ်။ ပထမပိုင်းပြီးခါနီးမှာ မိုဗစ်သွင်းယူခဲ့တဲ့ဂိုးကလည်း လူကျွံလို့နေခဲ့ပါသေးတယ်။

Photo Credit : Getty Image

ပထမပိုင်းမှာ သွင်းဂိုးတွေကင်းမဲ့ခဲ့ပေမယ့် ဒုတိယပိုင်းမှာတော့ အပြန်အလှန်သွင်းဂိုးတွေကို မြင်တွေ့လာခဲ့ရကာ ဧည့်သည်ဂျုဗင်တပ်စ်က သွင်းဂိုးတွေကို စတင်သွင်းယူခဲ့တာဖြစ်ပါတယ်။ ကွင်းလယ်လူရာဘီအော့နဲ့ ရော်နယ်ဒိုတို့က (၆)မိနစ်အတွင်းမှာ သွင်းဂိုး(၂)ဂိုးနဲ့ ပြတ်ပြတ်သားသား ဦးဆောင်ခဲ့တာဖြစ်ပေမယ့် (၆၂)မိနစ်မှာ လက်ထိဘောကြောင့် ရလာတဲ့ပင်နယ်တီကို မိုဗစ်သွင်းယူခဲ့သလို (၆၆)မိနစ်မှာလည်း ကတ်ဆီးက ဒုတိယချေပဂိုးကိုပါ ဆက်တိုက်သွင်းယူခဲ့ပါတယ်။ ဒါ့အပြင် လူစားဝင်လာခဲ့တဲ့ ပေါ်တူဂီတိုက်စစ်မှူးလေး လီအိုကပါ (၆၇)မိနစ်မှာ မီလန်အတွက် ဦးဆောင်ဂိုးကို သွင်းယူနိုင်ခဲ့ပါတယ်။ (၈၁)မိနစ်မှာလည်း ရီဘစ်က မီလန်အတွက် အနိုင်သေချာစေမယ့် သွင်းဂိုးကို ထပ်မံသွင်းယူပေးသွားနိုင်ခဲ့ပါသေးတယ်။