အေစီမီလန်အသင်းကတော့ ဒီနှစ်ဘောလုံးရာသီအတွင်းမှာ အီတလီစီးရီးအေပြိုင်ပွဲအပြင် ယူရိုပါလိဂ်ပွဲစဉ်တွေကိုပါ ဆင်နွဲရတော့မှာဖြစ်လို့ အသင်းရဲ့လူအင်အားကို ပိုမိုတောင့်တင်းနေစေဖို့အတွက် ပြီးခဲ့တဲ့ရက်ပိုင်းလေးကမှ မန်ချက်စတာယူနိုက်တက်အသင်းရဲ့ ညာနောက်ခံကစားသမား ဒါလော့ကို တစ်ရာသီအငှားနဲ့ ခေါ်ယူခဲ့သလို အခုလည်း နောက်ထပ်ပရီးမီးယားလိဂ် ကစားသမားတစ်ယောက်ဖြစ်တဲ့ ချယ်လ်ဆီးနောက်ခံကစားသမား အန်တိုနီယိုရူဒီဂါကိုပါ အငှားစာချုပ်နဲ့ ထပ်မံခေါ်ယူသွားဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်နေပြီလို့ သိရှိရပါတယ်။

Photo Credit : Sky Sports

အသက်(၂၇)နှစ်အရွှယ်ရှိ ဂျာမန်လက်ရွေးစင် ဗဟိုနောက်ခံကစားသမား ရူဒီဂါဟာ ၂၀၁ရခုနှစ်ကမှ ရိုးမားကနေ ချယ်လ်ဆီးကို ရောက်ရှိလာခဲ့တာဖြစ်ပြီး ဒီနှစ်ရာသီမှာတော့ အသင်းရဲ့ ပဥ္စမမြောက် ဗဟိုနောက်ခံကစားသမား ဖြစ်နေရတာကြောင့် အသင်းကနေ ထွက်ခွာသွားချင်နေတာဖြစ်ကာ သူ့ကိုလည်း ပီအက်စ်ဂျီနဲ့စပါးအသင်းတို့ကနေ အပြိုင်စိတ်ဝင်စားလို့နေပါတယ်။ ဒါပေမယ့် Sky Sports ရဲ့ ဖော်ပြချက်များအရ လက်ရှိမှာ ရူဒီဂါကို ခေါ်ယူဖို့အတွက် အေစီမီလန်အသင်းကနေ ချယ်လ်ဆီးအသင်းဘက်ကို ချိတ်ဆက်လို့နေတယ်လို့ သိရပါတယ်။

Photo Credit : Sky Sports

ချယ်လ်ဆီးအသင်းက ဒီနွေစျေးကွက်အတွင်းမှာ ဝါရင့်နောက်ခံကစားသမားကြီး သီယာဂိုဆေးဗားကို အလွတ်ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားခဲ့ပြီးနောက် အသင်းရဲ့ဗဟိုခံစစ်နေရာမှာ သီယာဂို ဇူးမား ခရစ္စတန်ဆန်နဲ့ တိုမော်ရီတို့ကိုသာ နည်းပြလမ်းပတ်ကနေ သုံးစွဲနေတာဖြစ်လို့ ဒီအခြေအနေကို ရူဒီဂါဘက်ကနေ စိတ်ပျက်လို့နေပြီး စပါးအသင်းကို အရေးနိမ့်ခဲ့ရတဲ့ ကာရာဘောင်းလိဂ်ဖလားပွဲမှာလည်း အသင်းအတွက် ဝင်ရောက်ကစားပေးဖို့ကို ရူဒီဂါဘက်က ငြင်းဆန်ခဲ့တယ်လို့ သတင်းတွေ ထွက်ပေါ်လာခဲ့ပါသေးတယ်။ ချယ်လ်ဆီးကလည်း နွေစျေးကွက်ရဲ့ နောက်ဆုံးနေ့ရက်မှာ သူတို့အသင်းရဲ့ ပစ်မှတ်တွေဖြစ်တဲ့ ဒစ်ကလန်ရိုက်စ်နဲ့ သောမတ်ပါတေးစ်တို့နှစ်ယောက်ထဲကမှ တစ်ယောက်ယောက်ကို ခေါ်ယူနိုင်ဖို့အတွက် ရူဒီဂါကို အသင်းကနေ ရောင်းချကာ အသုံးစရိတ်ရှာဖွေနေချင်တာာဖြစ်ပြီး ရူဒီဂါကို အလိုရှိနေတဲ့ အသင်းတွေကတော့ အငှားနဲ့သာ ခေါ်ယူချင်နေတာမို့ ဒီအပြောင်းအရွှေ့က ဘယ်လိုဆက်ဖြစ်လာမလဲဆိုတာ စိတ်ဝင်စားဖို့ကောင်းနေပါတယ်။ ချယ်လ်ဆီးအနေနဲ့ ရူဒီဂါအပြင် လမ်းပတ်နဲ့ အဆင်မပြေဖြစ်လို့နေတဲ့ ဘယ်နောက်ခံကစားသမား မားကို့စ်အလွန်ဆိုကိုလည်း စျေးကွက်မပိတ်ခင်မှာ အသင်းကနေ ရောင်းထုတ်သွားဖွယ် ရှိနေပါတယ်။