လာမယ့် ဆောင်းရာသီ အပြောင်းအရွှေ့ဈေးကွက် ဖွင့်လှစ်ချိန်မှာ မန်ချက်စတာယူနိုက်တက်အသင်းက PSV ရဲ့ တိုက်စစ်ကစားသမားလေး ကိုဒီဂက်ပိုကို ခေါ်ယူသွားဖို့ ချိန်ရွယ်ထားခဲ့ပေမယ့် ဒီရာသီထဲ ခြေစွမ်းပြလွန်းနေတဲ့ ဒီကစားသမားလေးကို စီးရီးအေ ထိပ်သီးကလပ် အေစီမီလန်အသင်းကပါ စိတ်ဝင်စားလျက် ရှိနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ပါတယ်။

Photo Credit : Sports Illustrated

နယ်သာလန် လက်ရွေးစင် တောင်ပံတိုက်စစ် ကစားသမားလေး ဂက်ပိုဟာ ပြီးခဲ့တဲ့ နွေဈေးကွက်တုန်းက ယူနိုက်တက်အသင်းနဲ့ သတင်းထွက်ခဲ့သူဖြစ်ပြီး ယူနိုက်တက်က အိုင်းယတ်စ်က အန်တိုနီကိုသာ ခေါ်ယူသွားခဲ့တာကြောင့် ဂက်ပိုအနေနဲ့ PSV မှာပဲ ကျန်ရစ်ခဲ့ရသလို ဈေးကွက်ပိတ်ခါနီးမှာ ဆောက်သမ်တန် လိဒ်စ်အသင်းတို့ရဲ့ ကမ်းလှမ်းမှုတွေ ထပ်မံ ရောက်ရှိလာခဲ့ပေမယ့် အပြောင်းအရွှေ့ မဖြစ်လာခဲ့ပါဘူး။ ဒီလိုနဲ့ နယ်သာလန်မှာ ဆက်လက် ရှိနေခဲ့ရတဲ့ ဂက်ပိုဟာ မထင်မှတ်ထားလောက်အောင်ကို စွမ်းဆောင်ရည်ကောင်းတွေ ပြသခဲ့ပြီး ပြိုင်ပွဲစုံ (၁၈)ပွဲကစား (၁၃)ဂိုးသွင်းပြီး (၁၁)ဂိုးအထိ ဖန်တီးပေးထားနိုင်ခဲ့ပါတယ်။

Photo Credit : Down The Wings

အရင်နှစ် ဘောလုံးရာသီကထက်ပင် ပိုမို ခြေစွမ်းကောင်းလာတဲ့ ဂက်ပိုကို လက်ရှိမှာ တိုက်စစ်ပိုင်း အလွန်အားနည်းနေတဲ့ ယူနိုက်တက်အသင်းအပြင် လာမယ့်နှစ်တွေမှာ ရာဖယ်လ်လီယာအိုကို အသင်းမှာ ဆက်ထိန်းထားဖို့ ခက်လာနိုင်တဲ့ အေစီမီလန်တို့က ဆောင်းဈေးကွက်ထဲမှာ ခေါ်ယူသွားဖို့ စီစဉ်လာခဲ့ကြပါတယ်။ ဒါပေမယ့် လက်ရှိအချိန်မှာ တိုက်စစ်ပိုင်း အားဖြည့်ဖို့ မဖြစ်မနေ လိုအပ်နေတဲ့ ယူနိုက်တက်အသင်းက အသင်းနည်းပြ အဲရစ်တန်ဟက်ဂ်နဲ့ အေးဂျင့်ချင်း တူနေတဲ့ ဂက်ပိုကို ပိုမို အလိုရှိလာနိုင်ပါတယ်။ ယူနိုက်တက်အသင်းက လက်ရှိမှာ ပရီးမီးယားလိဂ် (၉)ပွဲ ကစားထားပြီးချိန် တိုက်စစ်က (၁၃)ဂိုးသာ သွင်းယူထားနိုင်ခဲ့ပြီး လက်ရှိ ပရီးမီးယားလိဂ်က အဆင့်(၁၀)အတွင်း ဝင်ရောက်နေတဲ့ အသင်းတွေထဲမှာ ဘုန်းမောက်တစ်သင်းတည်းသာ ယူနိုက်တက်ထက် သွင်းဂိုးနည်းနေတဲ့အထိ ယူနိုက်တက် တိုက်စစ်က မေးခွန်းထုတ်စရာ ဖြစ်နေရပါတယ်။ ဒါကြောင့် ဂက်ပိုကို ယူနိုက်တက်ဘက်က ပိုမို ဦးစားပေး ကမ်းလှမ်းသွားဖွယ် ရှိနေတာဖြစ်သလို မီလန်နဲ့ ရီးယဲလ်မက်ဒရစ်ကပါ ဂက်ပိုကို စိတ်ဝင်စားနေကြပါတယ်။