အီတလီ စီးရီးအေရဲ့ နာမည်ကြီးအသင်း တသင်း ဖြစ်တဲ့ အေစီမီလန်အသင်းဟာ ပရီးမီးယားလိဂ် အင်အားကြီးကလပ် ချယ်လ်ဆီးအသင်းရဲ့ ဝါရင့် ပြင်သစ် တိုက်စစ်မှူး အိုလီဗာ ဂျရူးကို ခေါ်ယူဖို့ သဘောတူညီမှု ရခဲ့ကြောင်း နာမည်ကြီး သတင်းဌာနတွေက အခိုင်အမာ ဖော်ပြသွားကြပါတယ်။

အေစီမီလန်အသင်းဟာ လာမယ့် ဘောလုံးရာသီမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို ဝါရင့် ဆွီဒင် တိုက်စစ်မှူး အီဘရာဟီမိုဗစ်နဲ့ အပြိုင် ဦးဆောင်နိုင်မယ့် ဈေးသက်သာတဲ့ တိုက်စစ်မှူးတဦးကို ခေါ်ယူဖို့ ကြိုးစားနေတဲ့ အသင်းတသင်း ဖြစ်ပြီး ဂျရူးဟာ သူတို့အသင်းရဲ့ ကာလရှည် ပစ်မှတ် ကစားသမားလည်း ဖြစ်ပါတယ်။

Photo Credit: Football London

အသက် ၃၄နှစ် အရွယ် ဝါရင့် ပြင်သစ် လက်ရွေးစင် တိုက်စစ်မှူး ဂျရူးဟာ ထိပ်တန်း တိုက်စစ်မှူး တဦး မဟုတ်ပေမယ့် ဂိုးဧရိယာအတွင်းမှာ နေရာယူမှု ကောင်းကာ ကြုံရင် ကြုံသလို ဂိုးသွင်းနိုင်တဲ့ စွမ်းရည် ရှိတာကြောင့် အီတလီ စီးရီးအေရဲ့ အနည်းငယ် လေးလံတဲ့ ကစားပုံနဲ့ အံဝင်ခွင်ကျ ဖြစ်မယ့် တိုက်စစ်မှူး တဦးပဲ ဖြစ်ပါတယ်။

ဂျရူးဟာ ပြီးခဲ့တဲ့ ဘောလုံးရာသီမှာ ချယ်လ်ဆီးအသင်း အတွက် ပြိုင်ပွဲစုံမှာ ၁၂၀၀ မိနစ်သာ ကစားခဲ့ရပေမယ့် သွင်းဂိုး ၁၁ဂိုး အထိ သွင်းယူနိုင်ခဲ့ပြီး သူ့ရဲ့ သွင်းဂိုး တဂိုး ရရှိဖို့ ပျမ်းမျှ ကြာချိန်ဟာ ၁၀၉မိနစ်သာ ရှိပါတယ်။ ဒါကြောင့်ပဲ အေစီမီလန်အသင်းဟာ ဂျရူးကို ခေါ်ယူဖို့ ပစ်မှတ်ထား ကြိုးစားခဲ့တာပါ။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တခု ဖြစ်သူ ဖာဘရီဇီယို ရိုမာနိုရဲ့ အဆိုအရ အေစီမီလန်အသင်းဟာ ဂျရူးကို ခေါ်ယူဖို့ အတွက် ချယ်လ်ဆီးအသင်းနဲ့ တရားဝင် သဘောတူညီမှု ရရှိခဲ့ကာ ဂျရူးအတွက် ကနဦး ပြောင်းရွှေ့ကြေး ယူရို ၁သန်း + အပိုဆုကြေး ယူရို ၁သန်း ပေးချေရမယ်လို့ သိရပါတယ်။

ထို့အပြင် အေစီမီလန်အသင်းဟာ ဂျရူးကို ၂၀၂၃ ခုနှစ် အထိ သက်တမ်း ရှိမယ့် စာချုပ်တရပ်ကို ချုပ်ဆိုဖို့ ပုဂ္ဂိုလ်ရေးအရ သဘောတူညီမှု ရရှိထားကြောင်းလည်း နာမည်ကြီး အခြေစိုက် သတင်းဌာနတွေက အခိုင်အမာ ဖော်ပြထားပါတယ်။ လန်ဒန်မြို့ အခြေစိုက် သတင်းဌာနတွေရဲ့ ဖော်ပြချက်အရ ဂျရူးဟာ လာမယ့် တပတ် အတွင်းမှာပဲ အေစီမီလန်အသင်းနဲ့ ဆေးစစ်မှု ခံယူတော့မယ်လို့ သိရပါတယ်။