ယခုနှစ် အီတလီ စီးရီး​အေ ဘောလုံးရာသီမှာ အရင်ကလို အောင်မြင်မှုတွေ ပြန်လည် ရရှိစေဖို့ ပြင်ဆင်မှုတွေ ပြုလုပ်နေတဲ့ အေစီမီလန်အသင်း ကတော့ မန်ယူအသင်းရဲ့ ပေါ်တူဂီ လူငယ် ညာနောက်ခံလူ ဒါးလော့ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူဖို့ အတွက် အပြီးသတ် သဘောတူညီမှု ရရှိခဲ့ပြီ ဖြစ်ကြောင်း သိရပါတယ်။ အသက် ၂၁နှစ် အရွယ်သာ ရှိသေးတဲ့ ပေါ်တူဂီ ညာနောက်ခံလူ ဒါးလော့ဟာ လက်ရှိ နွေရာသီ အတွင်းမှာ မန်ယူအသင်းကနေ ပြောင်းရွှေ့ခွင့် ရရှိထားသူ ဖြစ်ပြီး မန်ယူ အသင်းရဲ့ နည်းပြ ဖြစ်သူ ဆိုးလ်ရှားဟာ သူ့ကို အသင်းရဲ့ လူစာရင်းမှာ ထည့်သွင်းခြင်း မပြုတော့သလို အသင်းပြောင်းဖို့ လှုပ်ရှားမှုတွေကိုလည်း လွတ်လွတ်လပ်လပ် လုပ်ဆောင်နိုင်ဖို့ ခွင့်ပြု ပေးထားပါတယ်။

Photo Credit: Focus

မန်ယူအသင်းကနေ ထွက်ခွာခွင့် ရရှိထားတဲ့ ဒါးလော့ကို ခေါ်ယူဖို့ အတွက် ပထမဦးဆုံး ချိတ်ဆက် လာတဲ့ အသင်းဟာ ရိုးမားအသင်း ဖြစ်ပေမယ့် မန်ယူအသင်းဟာ ရိုးမားအသင်းရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့ပြီး အေစီမီလန် အသင်းရဲ့ ကမ်းလှမ်းမှုကိုသာ လက်ခံခဲ့တာ ဖြစ်ကြောင်း အီတလီ သတင်းဌာနတွေက ဖော်ပြ သွားခဲ့ပါတယ်။ ဒါပေမယ့် ကနဦး ထွက်ပေါ်ထားတဲ့ သတင်းတွေလို အေစီမီလန်အသင်း ဟာ ဒါးလော့ကို တစ်ရာသီအငှား + အပြီးသတ် ဝယ်ယူခွင့်နဲ့ ခေါ်ယူခွင့် ရခဲ့တာ မဟုတ်ပဲ တစ်ရာသီ အငှား သက်သက်နဲ့သာ ခေါ်ယူခွင့် ရရှိခဲ့တာ ဖြစ်ကြောင်း Sky Sports သတင်းဌာနက ဖော်ပြ သွားခဲ့ပါတယ်။

Photo Credit: Focus

နာမည်ကြီး သတင်းထောက် တစ်ဦး ဖြစ်တဲ့ Fabrizio Romano ကလည်း အဆိုပါ သတင်းတွေ အပေါ် အတည်ပြု ပေးထားပြီး ဒါးလော့ဟာ အေစီမီလန်အသင်းထံ တစ်ရာသီအငှားနဲ့ ပြောင်းရွှေ့ကစားမှာ ဖြစ်ပြီး အေစီမီလန်အသင်း ဟာ ကနဦးမှာ ဒါးလော့ကို လာမယ့် ရာသီအကုန်မှာ အပြီးသတ် ဝယ်ယူခွင့် ထည့်သွင်း ချင်ခဲ့ပေမယ့် မန်ယူအသင်းက ဒါးလော့အတွက် ယူရို ၃၀ သန်းအထိ တောင်းဆို ခဲ့တာကြောင့် ဆွေးနွေးမှုဟာ ပျက်ပြယ်ခဲ့ကြောင်း သိရပါတယ်။ အင်္ဂလန် အပြောင်းအရွှေ့ ကျွမ်းကျင်သူတွေ ကတော့ အေစီမီလန် အသင်းဟာ ဒါးလော့ကို တစ်ရာသီ အငှားနဲ့ ခေါ်ယူခွင့် ရဖို့ အတွက် ဒါးလော့ရဲ့ လုပ်ခ လစာကို အပြည့်အဝ ပေးချေရမှာ ဖြစ်သလို မန်ယူအသင်းကိုလည်း အငှားကြေး ပေးရဖွယ် ရှိကြောင်း သုံးသပ် ထားကြပါတယ်။ ဒါးလော့ဟာ ယနေ့မှာပဲ အီတလီနိုင်ငံကို သွားကာ ဆေးစစ်မှုတွေ လုပ်ဆောင်တော့မယ် လို့လည်း သတင်းဌာန အများစုရဲ့ ဖော်ပြချက်တွေ အရ သိရှိ ရပါတယ်။