စကော့တလန်အသင်းရဲ့ လူငယ်ကွင်းလယ်ကစားသမားလေး ဘီလီဂယ်လ်မော်ဟာ ကိုရိုနာဗိုင်းရပ်စ် စစ်ဆေးခံမှုမှာ Positive ရလဒ်ထွက်ပေါ်နေခဲ့တာကြောင့် (၁၀)ရက်အထိ သီးသန့်နေထိုင်ရတော့မှာဖြစ်တဲ့အပြင် စကော့တလန်နဲ့ အင်္ဂလန်အသင်းတို့ ယူရို-၂၀၂၀ အုပ်စုတွင်း ပွဲစဉ်အဖြစ် ရင်ဆိုင်ခဲ့စဉ်တုန်းက ဂယ်လ်မော်နဲ့ အနီးကပ်ထိတွေ့ခဲ့ကြတဲ့ အင်္ဂလန်ကစားသမားတွေဖြစ်တဲ့ မေဆန်မောင့်နဲ့ ဘင်ချီဝဲလ်တို့ကိုပါ သီးသန့်နေထိုင်ကြဖို့ အင်္ဂလန်အသင်းဘက်ကနေ စီစဉ်လာခဲ့မှုကို ဂယ်ရီနဖီးလ်နဲ့ ဂယ်ရီလိုင်နီကာတို့က အသီးသီး ဝေဖန်ပြစ်တင်သွားခဲ့ကြပါတယ်။

Photo Credit : Galileo News

အသက်(၂၀)အရွှယ်ရှိ ချယ်လ်ဆီးကွင်းလယ်ကစားသမားလေး ဂယ်လ်မော်ဟာ ဆေးစစ်မှု ခံယူခဲ့ပြီးမှ ကိုဗစ်ကူးစက်တာကို သိလိုက်ရတဲ့အတွက် အခုလို သီးသန့်နေထိုင်ဖို့ လိုအပ်လာခဲ့တာဖြစ်ပေမယ့်လည်း ကိုဗစ်ကူးစက်နေတဲ့ ဂယ်လ်မော်နဲ့ ထိတွေ့မိခဲ့တဲ့ ဂယ်လ်မော်ရဲ့ ချယ်လ်ဆီးအသင်းဖော်(၂)ယောက်ဖြစ်တဲ့ မေဆန်မောင့်နဲ့ ချီဝဲလ်တို့ကိုတော့ စစ်ဆေးမှုတွေတောင် မပြုလုပ်ပဲ (၁၀)ရက်အထိ သီးခြားနေထိုင်ခိုင်းလိုက်တဲ့ အင်္ဂလန်အသင်းရဲ့ ဆုံးဖြတ်ချက်အပေါ် အင်္ဂလန်အသင်းပရိသတ်တွေက ဝေဖန်ခဲ့ကြသလို အင်္ဂလန်ကစားသမားဟောင်းများဖြစ်တဲ့ ဂယ်ရီနဖီးလ်နဲ့ လိုင်နီကာတို့ကလည်း ပြစ်တင်ပြောဆိုလာခဲ့ပါတယ်။

Photo Credit : Daily Mail

အင်္ဂလန်အသင်းဘက်ကနေ အခုလို (၁၀)ရက် သီးသန့်နေခိုင်းလိုက်တဲ့ ဆုံးဖြတ်ချက်ကြောင့် ကွင်းလယ်ကစားသမား မေဆန်မောင့်နဲ့ ဘယ်နောက်ခံကစားသမား ဘင်ချီဝဲလ်တို့ဟာ ချက်အသင်းနဲ့ ကစားရမယ့် အုပ်စုနောက်ဆုံးပွဲစဉ်အပြင် အင်္ဂလန်အသင်းရဲ့ (၁၆)သင်းအဆင့် ရှုံးထွက်ပွဲစဉ်ကိုပါ လွဲချော်ရမှာဖြစ်လို့ အသင်းအတွက် နစ်နာနိုင်တယ်လို့ ပရိသတ်တွေက သုံးသပ်နေကြတာဖြစ်ပါတယ်။ ဒီလို အင်္ဂလန်အသင်းရဲ့ ဆုံးဖြတ်ချက်နဲ့ပတ်သက်ပြီး အင်္ဂလန်ညာနောက်ခံကစားသမားဟောင်းကြီး ဂယ်ရီနဖီးလ်က ဒီကြေညာချက်ဟာ လုံးဝကိုဟာသတစ်ခုလို့ ဝေဖန်ခဲ့တဲ့အပြင် လိုင်နီကာကလည်း “ဒါက ရယ်စရာတစ်ခုလိုပါပဲ။ စစ်ဆေးကြည့်လိုက်ရင် အဖြေသိရမယ့်အရာပါ။ ဒါဟာ လုံးဝကို အဓိပ္ပါယ်မဲ့တယ်” လို့ ပြစ်တင်ရှုံ့ချသွားခဲ့ပါတယ်။ ဒီလိုအခြေအနေတွေနဲ့ ရင်ဆိုင်နေရပေမယ့် မနေ့ညက အုပ်စု(B)အသင်းတွေရဲ့ ရလဒ်တွေကြောင့် အင်္ဂလန်အသင်းဟာ ချက်အသင်းနဲ့ အုပ်စုနောက်ဆုံးပွဲစဉ်ကို မကစားရသေးခင်မှာပဲ (၁၆)သင်းရှုံးထွက်အဆင့်ကို တတ်လှမ်းခွင့်ရထားခဲ့ရဖြစ်ပြီး ချက်အသင်းကို အရေးနိမ့်ရင်တောင် နောက်တစ်ဆင့်ကို တတ်လှမ်းရမှာဖြစ်တဲ့အတွက် ကစားသမားအပြောင်းအလဲပါ လုပ်လာဖွယ် ရှိနေပါတယ်။