ချန်ပီယံလိဂ် ချန်ပီယံအသင်း ဖြစ်တဲ့ ချယ်လ်ဆီးအသင်းရဲ့ အသင်းပိုင်ရှင် အေဗရာမိုဗစ် ကတော့ အသင်းရဲ့ သမိုင်းတလျှောက် တန်ကြေးအမြင့်ဆုံး အပြောင်းအရွှေ့ ဒေါ့မွန်အသင်းရဲ့ နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၅၀သန်း ဝန်းကျင် အထိ ပေးချေကာ ခေါ်ယူဖို့ ပြင်ဆင်နေကြောင်း ဥရောပ အခြေစိုက် သတင်းဌာနတွေက ဖော်ပြလာကြပါတယ်။

ချယ်လ်ဆီးအသင်းဟာ ယခုနှစ် နွေဈေးကွက် အတွင်းမှာ အသင်းရဲ့ တိုက်စစ်ပိုင်းကို အင်အားဖြည့်တင်းဖို့ ပြင်ဆင်နေတဲ့ အသင်းတသင်း ဖြစ်ပြီး ဒေါ့မွန်အသင်းရဲ့ အသက် ၂၀အရွယ် နော်ဝေ လူငယ် တိုက်စစ်မှူး ဟာလန်းဟာ သူတို့အသင်းရဲ့ ထိပ်သီး ပစ်မှတ်ပဲ ဖြစ်ပါတယ်။

Photo Credit: Football London

ဟာလန်းနဲ့ ဒေါ့မွန်အသင်းတို့ ကြားမှာ ချုပ်ဆိုထားတဲ့ စာချုပ်အရ ချယ်လ်ဆီးအသင်းဟာ ဟာလန်းကို လာမယ့် နွေရာသီ အပြောင်းအရွှေ့မှသာ ခေါ်ယူဖို့ ကြိုးစားပါက ပြောင်းရွှေ့ကြေး ယူရို ၇၅သန်းထဲနဲ့ ခေါ်ယူနိုင်မှာ ဖြစ်ပေမယ့် လာမယ့် နွေရာသီ အပြောင်းအရွှေ့မှာ ဟာလန်းကို ခေါ်ယူဖို့ ဥရောပ အသင်းကြီး အများစုက စောင့်ကြည့်နေတာကြောင့် ချယ်လ်ဆီးအသင်းဟာ အားလုံးကို နောက်ကောက်ချကာ ယခုနှစ် နွေဈေးကွက်မှာပဲ ခေါ်ယူဖို့ ကြိုးစားနေတာပါ။

ဒေါ့မွန်အသင်းကတော့ သူတို့အသင်းရဲ့ အဓိက တောင်ပံကစားသမား ဖြစ်သူ ဆန်ချိုကို မန်ချက်စတာ ယူနိုက်တက်အသင်းထံ ပြောင်းရွှေ့ကြေး ပေါင် ၇၃သန်းနဲ့ ရောင်းထုတ်ဖို့ သဘောတူထားတာကြောင့် ယခုနှစ် နွေဈေးကွက် အတွင်းမှာ ဟာလန်းကို ရောင်းမထုတ်ချင်ပဲ ချယ်လ်ဆီးအသင်းက ဟာလန်းကို ခေါ်ယူချင်ပါက စံချိန်တင် ပြောင်းရွှေ့ကြေး တရပ်ကို ပေးချေရဖို့ ရှိပါတယ်။

Photo Credit: Football London

နာမည်ကြီး သတင်းဌာန တခု ဖြစ်တဲ့ 90Min သတင်းဌာနရဲ့ ဖော်ပြချက်အရ ချယ်လ်ဆီးအသင်းရဲ့ ပိုင်ရှင်ဖြစ်သူ အေဗရာမိုဗစ်ဟာ ဟာလန်းရဲ့ ကစားပုံကို နှစ်သက် သဘောကျသူ တဦး ဖြစ်တာကြောင့် ဟာလန်းကို ချယ်လ်ဆီးအသင်းထံ မရရအောင် ခေါ်ယူဖို့ ဆုံးဖြတ်ထားပြီး ဟာလန်းကို ခေါ်ယူဖို့ လိုအပ်တဲ့ ငွေကြေးတွေကို စိုက်ထုတ်ပေးသွားမယ်လို့ သိရပါတယ်။

ချယ်လ်ဆီးအသင်းပိုင်ရှင် အေဗရာမိုဗစ်ဟာ သူ သဘောကျတဲ့ ကစားသမားတိုင်းကို ချယ်လ်ဆီးအသင်းဆီ လာရောက် ကစားအောင် အမြဲတမ်း ကြိုးစားလေ့ရှိသူ ဖြစ်ကာ ပြီးခဲ့တဲ့ ဘောလုံးရာသီကလည်း ဟားဗက်ကို အသင်းရဲ့ စံချိန်တင် ပြောင်းရွှေ့ကြေးနဲ့ ခေါ်ယူထားတာကြောင့် ယခုနှစ်မှာလည်း ဟာလန်းကို ပြောင်းရွှေ့ကြေး ပေါင် ၁၂၀သန်း ကနေ ပေါင် ၁၅၀သန်းကြား သုံးစွဲပြီး ခေါ်ယူဖွယ် ရှိပါတယ်။